Skip to main content

ဖားကန့်၊ မိုးကောင်း၊ မိုးမိတ်နှင့် မိုးဆတ်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်တွင် ကျော်နိုင်ဦး(ခ)စိုင်းသူရ မောင်းနှင်ပြီး အောင်ဌေး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကို သိမ်းဆည်းရမိသည်။ ထို့အတူ ယင်းနေ့ ညနေပိုင်းက မိုးကောင်းမြို့ အရှေ့ရပ်ကွက် နမ့်ကောင်းရိပ်သာလမ်း စိမ်းမြသီတာ ပန်းခြံရှေ့တွင် အေးဝင်း(ခ)သစ်မွှေး မောင်းနှင်ပြီး နောနော်(ခ)ဇော်ဂျာ(ခ)မိုင်းမိုင် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် ဟိန်းမင်းထွေး မောင်းနှင်လာသော ဆိုင်ကယ်တို့အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၉၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀ တို့ကို လည်းကောင်း၊ ယင်းနောက် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာအုပ်စု ထုံးဘိုကျေးရွာအနီး မန်ကျည်းပင်-ထုံးဘို ကျေးရွာသွားလမ်းတွင် လာဆာ မောင်းနှင်ပြီး လီလေး လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ကို လည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၅ နာရီတွင် မိုင်းဆတ်မြို့နယ် မိုင်းရှမ်း(တောင်ပေါ်)ကျေးရွာအုပ်စု ဘိုယားကျေးရွာရှိ မမီညာ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ကိုလည်းကောင်း ဖမ်းဆီးရမိသဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ရဲပြန်ကြား