Skip to main content

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ

စစ်တွေ ဖေဖော်ဝါရီ ၁၅ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက ယခု အခမ်းအနားသည် ထပ်မံဖြည့်ဆည်း ခန့်အပ်လိုက်သော ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှစ်ဦးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကို တွေ့ဆုံမိတ်ဆက်ပေးခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းသော ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တည်ငြိမ် အေးချမ်းအောင် ကူညီဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာအကြီးအကဲများ နှင့် မိဘပြည်သူများ ကိုလည်း အထူးပင် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတာဝန် ထမ်းဆောင်ရာနေရာတွင် ကိုယ်ကျိုး မဖက်ဘဲ ဒေသအတွက်၊ ပြည်နယ် အတွက်၊ နိုင်ငံအတွက် အတတ်နိုင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစံရွှေမောင်နှင့် ဦးသန်း ထွန်းတို့ကမိတ်ဆက်စကားပြောကြား ကြသည်။ ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ မိမိတို့ ဌာနအလိုက် တစ်ဦးချင်း မိတ်ဆက်တင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ရခိုင်ပြည်နယ် အတွင်း ပြည်သူများနှင့် ဝန်ထမ်း များက တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး မိမိတို့လုပ်ငန်း တာဝန်များကို ပူးပေါင်းဆောင်ရွက် ပေးနေကြသည့်အတွက် ကျေးဇူးတင်ကြောင်း၊ မိမိတို့ပြည်နယ်ကို ယခု ထက် တည်ငြိမ်အေးချမ်းအောင်၊ ယခုထက် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ စေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)