မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်အတွင်း ပြည်တွင်းနှင့် ပြည်ပကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပုံမှန်အတိုင်း ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဝင်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပသည်။
ကောင်းမွန်သည့် မူဝါဒများ ချမှတ်
ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်စေ ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်၏ စီးပွားရေးလုပ်ငန်းဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်၏ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွင် ခိုင်ခိုင်မာမာ ပေါ်ပေါက်လာသည့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းကို မိမိတို့အနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ အသင်းအနေဖြင့် စည်းစည်း လုံးလုံးဖြင့် ယခင်ထက်ပို၍ ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အဆင့်မြင့်လာစေရေး၊ စနစ်တကျဖြင့် ပိုမိုများပြား ကျယ်ပြန့်စွာ ကုန်သွယ်လာစေရေးအတွက် ဆက်လက် လုပ်ဆောင်စေလိုကြောင်း၊ တစ်ဦးပေါ်တစ်ဦးခွဲခြားမှုမရှိဘဲ၊ လက်ဝါးကြီးအုပ် လွှမ်းမိုးလိုစိတ်မရှိဘဲ ညှိညှိနှိုင်းနှိုင်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရေး၊ ကောင်းမွန်သည့် မူဝါဒများချမှတ်ပြီး ညီညီညွတ်ညွတ်ဖြင့် ဆက်လက် အကောင်အထည်ဖော်ကြရေး၊ မိမိတို့ကောင်စီ အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်ရေး အသင်းဥက္ကဋ္ဌ ဦးဇေလွမ်းက အသင်းဖွဲ့စည်း ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး အသင်းဝင်လုပ်ငန်း ရှင်အသင်းအဖွဲ့များမှတာဝန်ရှိသူများက နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းတွင် တစ်ဖက်တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် လိုအပ်သည်များကို ကောင်စီအနေဖြင့် ညှိနှိုင်းပေါင်းစပ် ပေးနိုင်ရေး၊ ကုန်စည်ဒိုင်တစ်ခု အကောင်အထည်ဖော်ရာတွင် ကူညီပေးရေး၊ သီးနှံများကုန်စည်များ လျင်မြန်စွာ ပို့ဆောင်နိုင်ရေးအတွက် ခွင့်ပြုချက်ဆိုင်ရာ ကိစ္စရပ်များ၊ ပို့ကုန်/ သွင်းကုန် ယာဉ်အသွားအလာ ကန့်သတ်မှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရေး တို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်း အောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့က နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဥပဒေနှင့်အညီလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရုံးအဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြည်နယ်ကောင်စီအနေဖြင့် အသင်းနှင့်အတူ ရပ်တည်ပြီး၍ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းရေးကော်မတီကို အသစ် ဖွဲ့စည်းသွားရေး၊ အသင်း၏ လိုအပ်ချက်၊ အခက်အခဲများကို ချက်ချင်းဆက်သွယ် ဖြေရှင်းဆောင်ရွက်ကြရေးဖြင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း
အလားတူ ပြည်နယ်ကောင်စီဥက္ကဋ္ဌသည် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံ၏တာဝန်ကို ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်း ဥပဒေပါအတိုင်း စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရေး၊ နိုင်ငံတော်ကောင်စီ၏ မူဝါဒအတိုင်း အားလုံးက တည်တည်ငြိမ်ငြိမ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေးနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို တင်ပြ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရေး မှာကြားပြီး ကောင်စီအဖွဲ့ဝင်များ၏ သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဌာနများအလိုက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို ပြည်နယ်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ပြည်နယ်(ပြန်/ဆက်)