နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဖေဖော်ဝါရီ ၉ ရက် မှ ၁၁ ရက်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဌာနများတည်ရှိရာ အစည်းအဝေးခန်းမများတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ဆွေးနွေး မှာကြားသည်။
တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် မူလရည်မှန်းချက် ပြည့်မီရေးအတွက် ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်သူများ အချင်းချင်း ဌာနများအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ ရှိရင်းစွဲ အရည်အချင်းကို လုပ်ငန်းခွင်၌ အကျိုးရှိထိရောက်စွာ အားထုတ်ဆောင်ရွက်ကြသည့် နည်းတူလုပ်ဖော်ကိုင်ဖက် လက်အောက် ဝန်ထမ်းများအား လူမှန်နေရာမှန် အသုံးချနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုအားကောင်း လာစေရေးအတွက် မိမိဌာန၏ ရည်မှန်းချက် အောင်မြင်စွာ ဖော်ဆောင်နိုင်မည့် ဝန်ထမ်းများအား ပြုစုပျိုးထောင်ခြင်း၊ ရာထူးတိုးမြှင့်ရေး အပါအဝင် ဝန်ထမ်းရေးရာကိစ္စများကို ပွင့်လင်းမြင်သာစေပြီး အဂတိကင်းရှင်းစွာ ဆောင်ရွက်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း ၊ ထို့အပြင်ဝန်ထမ်းအဆင့်ဆင့်အနေဖြင့်လည်း မိမိတို့၏ တာဝန်နှင့်ဝတ္တရားများ ကိုစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် အဆင့်ဆင့် အားပေး စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေအင်အားနှင့် လုပ်ငန်းစီမံချက်၊ စီမံကိန်းများကို ခွဲခြမ်းစိတ်ဖြာပြီး ရှိပြီး အရင်းအမြစ်နှင့် လက်ရှိပြောင်းလဲနေသည့် ဖြစ်စဉ်များအရ လက်တွေ့လုပ်ကိုင်နေသော ကျွမ်းကျင်ပညာရှင်များ များစွာပေါ်ထွက်လာရန် စီမံဆောင်ရွက် သွားမည်ဖြစ် ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့ရသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အမြန်ဆုံး ပြန်လည်ဦးမော့လာပြီး တိုးတက်မှုများကို ထင်သာမြင်သာ ရှိစေရန်၊ တောင်သူ လယ်သမား များနှင့်ကျေးလက်နေ ပြည်သူများ အကျိုးရရှိခံစားနိုင်စေမည့် ထိရောက်သည့် လုပ်ငန်း အစီအမံများ စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှင့် စျေးကွက်တွင် စားသုံးသူများ ဝယ်ယူစားသုံးလိုသည့် အဓိကသီးနှံများ နှင့် အနာဂတ်တွင် အရေးကြီးလာမည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများဆိုင်ရာ သုတေသန ဖွံ့ဖြိုးရေးကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအမြစ်များဖြစ်သော ခြံလုပ်ငန်းများ အခြေအနေ၊ ဘဏ္ဍာငွေသုံးစွဲနိုင်မှု၊ သီးနှံအလိုက် ကျွမ်းကျင်မှုတို့ကို စိစစ်ကြပ်မတ်ပြီး ဖြစ်နိုင်မှုအများဆုံး အခြေ အနေများကို ကာလအနေအထားနှင့် တိုက်ဆိုင်၍ သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ ပြုပြင်ရန် လိုအပ်ချက်များအပေါ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
သမားရိုးကျ လုပ်ဆောင်မှုများအပြင် စိန်ခေါ်မှုများ အခက်အခဲများအပေါ် ထိုးဖောက်ဖြစ် မြောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး၊ မွေးမြူ ရေးကဏ္ဍ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ သမဝါယမကဏ္ဍများတွင် ICT နည်းပညာ အသုံးပြုနိုင်မှု တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အနယ်နယ်အရပ်ရပ်တွင် တိုးချဲ့ပညာပေးရေး ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ တာဝန် ယူဆောင်ရွက်ရသည့် ဧရိယာနှင့် တောင်သူအရေအတွက် မမျှတမှုအပေါ် လုပ်ရိုး လုပ်စဉ် ထက်ရှေ့ ပြေး ဆောင်ရွက်ချက် လုပ်ငန်းစဉ်များ သေချာစွာရေးဆွဲ၍ ICT နည်းပညာ အပါအဝင် ပညာပေး စခန်းများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုးတက်လာသည့် နည်းပညာနှင့်အတူ တောင်သူ များထံ မိုဘိုင်းဖုန်းမှတဆင့် အသိပညာ၊ နည်းပညာမက်ဆေ့ချ် ပေးနိုင်သည့် နည်းလမ်း များစွာရှိ သည့်အနက် မိမိတို့ တိုးချဲ့ပညာပေးရေး ဝန်ထမ်းများမှ တစ်ဆင့်လည်း ICT နည်းပညာ အသုံး ပြု၍ တောင်သူများထံ နည်းပညာ ပြန့်ပွားရေး စီမံဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ နည်းပညာပိုင်း ဆိုင်ရာနှင့် စျေးကွက် ချိတ်ဆက်မှု ဆိုင်ရာများကို တောင်သူများ နားလည်သဘော ပေါက်ရန်နှင့် လက်တွေ့အသုံးချနိုင်ရန် လိုအပ်ကြောင်း။
စီမံကိန်းလုပ်ငန်းများတွင်လည်း ဘဏ္ဍာငွေကြေးကို အလေအလွင့်မရှိ ပိုင်နိုင်စွာ သုံးစွဲရန်နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်သူများအား ရွေးချယ်တာဝန်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဌာန ဆိုင်ရာ ငှားရမ်းမှုဖြစ်သော မြေကွက် ၊ ခြံများကို အမှန်တကယ် လိုအပ်ချက်နှင့်အတူ သုတေသန လုပ်ငန်းနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုလုပ်ငန်းများအား ထိရောက်စွာ ထောက်ပံ့ပေးနိုင်သည့် ငှားရမ်းမှု လုပ်ငန်းများဖြစ်စေရေးအတွက် တည်ဆဲလုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ ဆောင်ရွက်မှု ဖြစ်ရန် လိုအပ်ကြောင်း၊ အမှန်တကယ် ခေါင်းစဉ်တပ် ငှားရမ်းမှုနှင့် ကိုက်ညီမှုရှိရန် တာဝန်ရှိသူ တို့က စိစစ်ကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူသည့် ကာလ၌ ရေရှည်ဆောင်ရွက်ရမည့် မူဝါဒနှင့် စီမံကိန်းများကို အခြေခံလျှက် လက်ရှိအနေအထားနှင့် ကိုက်ညီ သည့် စီမံကိန်းများ၊ မပြီးပြတ်သေးသော စီမံကိန်းလုပ်ငန်းများကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)