နေပြည်တော် ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော် ပြည့်ကျောင်းတိုက်ရှိ ဝိဇယသုခကာရီ သိမ်တော်ကြီးအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လှူဒါန်းမှုဖြင့် အသစ်ပြန်လည်မွမ်းမံ ရေစက်ချမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်သည်။
ရှေးဦးစွာ အောင်မြေဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့် ဆရာတော်ဘဒ္ဒန္တဇာတ၊ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ဝိဇယသုခကာရီ သိမ်တော်ကြီး ကမ္ပည်းစာကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဝိဇယသုခကာရီ သိမ်တော်ကြီးအား ရေစက်ချမင်္ဂလာပြုလုပ်ကာ အလိုတော်ပြည့် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များထံမှ မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဝိဇယသုခကာရီသိမ်တော်ကြီး အသစ်ပြန်လည် မွမ်းမံရန်အတွက် အလှူငွေကျပ်သိန်း ၄၀ ကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး သံဃာ တော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်