Skip to main content

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်သို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးသည် ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပိဋကသုံးပုံ နိကာယ် စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသအရှင်သူမြတ်ထံ သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးရာကိစ္စရပ်များကို လျှောက်ထားပြီး ဆွမ်းဆန်တော် ၂၄ ပြည်ပါ ဆန်အိတ် ၁၀၀ နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့နယ်သံတမန်လမ်းရှိ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော် မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်းသို့ရောက်ရှိရာ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာညွန့်က ကျောင်းရှိ နားမကြားကလေးငယ်များ နားကြားမှု စမ်းသပ်သည့်နှစ်၊ ပညာသင်ကြားရေး၊ အသက်မွေးမှု သင်တန်းများ၊ အသက်မွေးမှုလုပ်ငန်းများ၊ ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြရာ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို ပြောကြား သည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံ အလှူငွေနှင့် ၂၄ ပြည်ပါ ဆန်အိတ် ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)