မုံရွာ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းကြီးကျေးရွာအနီးရှိ အင်းကြီးရေဝပ်ဧရိယာတွင် ရွှေတူးဖော်ရန် လုပ်ကွက် ၅ဝ ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေလုပ်ကွက်စိစစ်ချထားရေး ကော်မတီသို့ လုပ်ကိုင်ခွင့်တင်ထားကြောင်း သိရသည်။
ကသာမြို့နယ် အင်းကြီးဒေသရှိ ရေဝပ်ဧရိယာတွင် အသေးစား ရွှေလုပ်ကွက်ချထားရေး တင်ပြထားမှုနှင့် ပတ်သက်ပြီး လုပ်ကိုင်ခွင့်ပြုရေး၊ မပြုရေးကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်ဖြင့်သာ မှတ်ချက်ပေးထားကြောင်း တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး ထံမှ သိရသည်။
အင်းကြီးဒေသရေဝပ်ဧရိယာသည် ရေအများကြီးရှိသော နေရာမဟုတ်သော်လည်း သစ်ပင်များ အောက်ခြေတွင်ရေရှိသဖြင့် တောရိုင်းတိရစ္ဆာန်များ၊ ငှက်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားသည့် ဒေသတစ်ခု ဖြစ်သည့်အပြင် ရေဝပ် ဧရိယာနှင့် ကျေးရွာတွင် လယ်မြေများ တည်ရှိခြင်းကြောင့် ရွှေတူးဖော်သည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပါက လယ်မြေများ ပျက်စီးမည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားရာနေရာတစ်ခု ပျောက်ဆုံးသွားမည်ဖြစ်သည်။
“ဒီဒေသမှာ ရွှေတူးဖော်မယ်ဆိုရင် လက်ရှိစိုက်ပျိုးနေတဲ့ လယ်မြေတွေ သေချာပေါက်ပျက်စီး သွားမယ်၊ သစ်တောတွေပျက်စီးမယ်၊ နောက်ပြီး ရေဝပ်ဧရိယာကို အမှီပြုနေထိုင်ကြတဲ့ တောရိုင်း တိရစ္ဆာန်၊ ငှက်တွေ၊ ဇီဝမျိုးစုံ မျိုးကွဲတွေ နေထိုင်ကျက်စားတဲ့နေရာ ပျောက်ဆုံးသွားမှာ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရမယ့် အမြင်နဲ့ မှတ်ချက်ပေးထားတာပါ” ဟု တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
ဝင်းဦး(ဇေယျာတိုင်း)