ရန်ကုန် ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက မိမိတို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလတွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းဒေသကြီးအတွင်း မြို့ပြကျေးလက် ဆင်းရဲချမ်းသာကွာဟမှုမရှိစေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်တိုကာလအတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှုဖြင့် တည်ဆဲ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ယခုလို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဆောင်ရွက်ဆဲနှင့် ရှေ့ဆက် လုပ်ကိုင် မည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)