နေပြည်တော် ဖေဖော်ဝါရီ ၁၃
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ ပေးအပ်လှူဒါန်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်မိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများသည် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုရှိပါသဖြင့် ယခုလို အလှူငွေ လှူဒါန်းရခြင်းကြောင့် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အတိုင်းအတာတစ်ခုထိ အကျိုးဖြစ်မည် ဖြစ်ပါသဖြင့် လှူဒါန်းရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်းဝင်းက ပြည်သူများအားလုံး၊ စေတနာ့ ဝန်ထမ်း များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ကိုဗစ် ပထမလှိုင်း (1st Wave)၊ ဒုတိယလှိုင်း (2nd Wave) ကို ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ ပြည်သူ လူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက် အရှိန်အဟုန်မပြတ် ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ထို့အတူ နောက်ထပ်လှိုင်းများ မဖြစ်ပေါ်စေရန်အတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (Central Epidemiology Unit)မှ အထူးဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရန် ကာကွယ်ဆေးထိုး လုပ်ငန်းသည် အလွန်အရေးကြီးပါသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါထိန်းချုပ်မှု ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှသာလျှင် လူမှု စီးပွားရေး လုပ်ငန်းများ အခက်အခဲမရှိ ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ထိုအခက်အခဲများ မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စံသတ်မှတ်ချက်များ (Standard Operation Procedure)ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရေးဆွဲထားပြီး ဖြေလျော့ မှုများ ပြုလုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို လှူဒါန်းပေးတဲ့ အလှူငွေများ ကိုလည်း သက်ဆိုင်ရာ Bank Account များတွင် ထိန်းသိမ်း၍ သုံးစွဲရာမှာလည်း ဗဟို ကော်မတီမှ ခွင့်ပြုချက်ဖြင့် စနစ်တကျ အလေအလွင့်မရှိအောင် သုံးစွဲလျက်ရှိပါကြောင်း၊ ယခုလို အလှူငွေများ ပေးအပ်လှူဒါန်းမှုကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ အလှူရှင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၊ ပြည် Avenue အမှတ်(၂)နေ အောင်မိသားစုမှ အလှူငွေကျပ် ၃ဝဝ,ဝဝဝ,ဝဝဝိ/- (သိန်းသုံးထောင် တိတိ)ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)