နေပြည်တော် ဖေဖော်ဝါရီ ၁၀
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေး ဆေးရုံများဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ခရီးသွားရောက်မည့် တိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ တပ်မတော်မှ ပြည်သူများအား လူသားချင်းစာနာစိတ်ဖြင့် ကူညီစောင့်ရှောက်ပေးနေသည်ကို သိရှိလာသဖြင့် ပြင်ပမှဆရာဝန် ၆ ဦးသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသရေးလုပ်ငန်းများတွင် လာရောက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စီမံဆောင်ရွက်ပေးလျက်ရှိ ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ၊ ဖေဖော်ဝါရီ ၅ ရက်မှယနေ့အထိ ပြင်ပလူနာ ၃၄၄၃ ဦး၊ အတွင်းလူနာ ၁၅၆၂ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင် ပြေစေရန်အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။
ကုသပေးလျက်ရှိ ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၃၄ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၆၃ ဦး၊ စုစုပေါင်း ၁၉၇ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၈၄ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၄၂ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၂၂၆ ဦးကို မွေးဖွားနိုင်ခဲ့သည်။
တိုင်းရင်းသား ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရှိရသည်။
ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက်ပြသသူ များနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး (ဝဲပုံ) စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်