ရန်ကုန် ဖေဖော်ဝါရီ ၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ခေတ္တဒုတိယပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ထိုသို့ဖူးမြော်ကြည်ညိုစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ချက်များ၊ သာသနာရေး ကိစ္စဆောင်ရွက်ရာတွင် သာသနာတော်တည်တံ့ပြန့်ပွား စေရေး၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာတော် တိုးတက်ထွန်းကားစေရေး ကြိုးပမ်းဆောင်ရွက် သွားမည့်အခြေအနေ တို့ကို တင်ပြ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီးထံမှ သြဝါဒကထာများ နာယူကြည်ညိုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ လှည့်လည်ကြည့်ရှုပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (စီမံ)က တက္ကသိုလ်၏ သင်ကြား/စီမံဆောင်ရွက်မှု တို့ကိုရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းတည့်(၁၂)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများနှင့် စွယ်တော်ဆောင် အစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၌ သင်ကြားသင်ယူမှုများ၊ စီမံရေးရာ များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်က တက္ကသိုလ်၌ တာဝန်ယူဆောင်ရွက်လျက်ရှိသော တက္ကသိုလ်၏ ရည်မှန်းချက်တွင်ပါရှိသည့် တိုင်းရင်းသားရိုးရာဂီတနှင့် တိုင်းရင်းသားရိုးရာ အက သင်ကြားနေမှုနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက် ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က တိုင်းရင်းသား ရိုးရာဂီတနှင့် အကများကို စနစ်တကျသင်ကြားနိုင်ရေးအတွက် အသေးစိတ် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ တာဝန်ယူဆောင်ရွက်နိုင်ရေးကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)