နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဖေဖော်ဝါရီ ၂ ရက် တာဝန်ယူ ဆောင်ရွက်သည့်နေ့ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့အနေဖြင့် လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆောင်ရွက် ခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်အနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ရပ်တည်ချက်သဘောထားကို ဖေဖော်ဝါရီ ၈ ရက်တွင် ရှင်းလင်း ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း၊ မူဝါဒများကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံခြား ရေးမူဝါဒ အပါအဝင် နိုင်ငံတော်၏ မူဝါဒ အပြောင်းအလဲမရှိဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ချစ်ကြည်စွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကျိုးကို ကာကွယ်စောင့်ရှောက်ရေးသည် အရေးကြီးကြောင်း၊ ယင်းကိစ္စကို ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် ပေးအပ်ထားသည့် ဝန်ထမ်းတာဝန် ကျေပွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံကို ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်အောင် ဆောင်ရွက်သွားရမည်သာ ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုသည်မှာ နိုင်ငံ့တာဝန်ကို ထမ်းဆောင် နေသူများဖြစ်သည့်အတွက် ပါတီအရောင်အသွေး ကင်းရှင်းစွာ တာဝန်များ ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ထို့အတူ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ရပ်တည်ချက်နှင့်အညီ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် တက်ညီလက်ညီ အားလုံးပူးပေါင်းပြီး ချိတ်ဆက်ဆောင်ရွက်သွားရန် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံခြားရေးဝန်ထမ်းများသည် နိုင်ငံ၏ ရှေ့တန်းခံစစ်တွင် ရပ်တည်ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ နိုင်ငံ၏ ကောင်းမွန်သော အနာဂတ်ရရှိရေးအတွက် လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ဒီမိုကရေစီ၊ တည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံးညီညွတ်မှုအတွက် ဆောက်ရွက်ရာတွင် ယနေ့ ကမ္ဘာ၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို မျက်ခြေမပြတ်ရန်လိုကြောင်း ပြောကြား သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်၊ တက်ရောက်လာသည့် ဦးစီးဌာနအကြီးအကဲများက လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များ ကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို မှာကြားသည်။
(သတင်းစဉ်)