Skip to main content

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် မကြာမီဖွင့်လှစ်မည့် ဇေကမ္ဘာ Museum သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကြည့်ရှုလေ့လာ

ရန်ကုန် ဇန်နဝါရီ ၃၀
ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် မကြာမီဖွင့်လှစ်မည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်း အနီး တည်ဆောက်ထားသည့် ပထမဆုံးပုဂ္ဂလိက ရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum သို့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုလေ့လာသည်။
 
 
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇေကမ္ဘာ Museum အတွင်းလှည့်လည်ကြည့်ရှုရာ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြတိုက် တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသ ထားသည့် ပြခန်းများနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင် ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို လိုက်လံရှင်းလင်းပြသ သည်။
 
 
အဆိုပါ ပြတိုက်တွင် သမိုင်းမတင် မီ ခေတ်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ စသော ခေတ်အဆက်ဆက်မှ ကိုလိုနီ ခေတ်အထိ လူ့အသုံးအဆောင်များ ဖြစ်သည့် လက်နက်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပစ္စည်း ပြခန်းများ၊ မြန်မာမှုလက်ရာ ပန်းချီ-ပန်းပု-ရုပ်လုံးရုပ်ကြွ ပန်း ၁၀ မျိုး ပြခန်းများနှင့် ကုန်းနေ၊ ရေနေသတ္တဝါ များ၏ မေးရိုး၊ သွား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့် ကျောက် ဖြစ်ရုပ်ကြွင်း ပစ္စည်းမျိုးစုံ၊ နှစ်သန်း ၁၁၀ သက်တမ်းရှိ အင်းဆက်မျိုးနွယ်စု ပါဝင်သော မြန်မာ့ပယင်း တွင်းထွက် များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုး နှင့် လက်မောင်းရိုးများ၊ နှစ်သန်း ၃၈၀ သက်တမ်းရှိ Trilobite ကျောက်ဖြစ် ရုပ်ကြွင်းများ၊ သံခေတ်က လူသေ အလောင်းကို မြှုပ်နှံမှုများ၊ ကျောက် ခေတ်၊ သံခေတ်ရှေးဟောင်း လက်နက် ကိရိယာများ၊ ကြေးခေတ်၊ သုဝဏ္ဏ ဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စသည့် ခေတ်အဆက်ဆက်အသုံး အဆောင်ပစ္စည်းများ၊ ယွန်းထည် ပစ္စည်းအမျိုးမျိုး စသည်တို့ကို ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ဇေကမ္ဘာ Museum ကို ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်းအနီး မြေဧက ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀၀၀၀ ကျယ်ဝန်းသည့် လေးထပ် အဆောက် အအုံအဖြစ် တည်ဆောက်နေခြင်းဖြစ် ကြောင်း သိရသည်။
 
 
အဆိုပါ ဇေကမ္ဘာ Museum ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွင့်လှစ် နိုင်ရန် စီစဉ်ထားပြီး ပြတိုက်ဖွင့်လှစ် ပြီးပါက မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းနှင့် နိုင်ငံခြားသားများအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ကောက်ခံရန် သတ်မှတ်ထားကြောင်း သိရသည်။
 
သတင်း-မင်းသစ်(MNA)၊
ဓာတ်ပုံ-ဆန်းကျော်ဦး