Skip to main content

တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

နေပြည်တော် ဇန်နဝါရီ ၃၀

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေး တက်ရောက် ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစား ခန်းမ ဆောင်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး COVID SHIELD ဆက်လက် ထိုးနှံပေးကြသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးကြရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား နံနက် ၉ နာရီတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လွှတ်တော်ကိုယ်စားလှယ်များအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာခြင်းစသည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကြသည်။

ယနေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅၆) ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVID SHIELD ထိုးနှံပေးခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး COVID SHIELD ပထမအကြိမ် ထိုးနှံခဲ့ကြသူများအနေဖြင့် ပထမအကြိမ် ဆေးထိုးပြီးနောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံကြရမည် ဖြစ်ကြောင်း သိရသည်။

သတင်း-မျိုးမင်းနိုင်၊ ဓာတ်ပုံ- ကိုကြီးထိန်(MNA)