နေပြည်တော် ဇန်နဝါရီ ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ရက်စွဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင်
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တိုးမြှင့်ရပ်ဆိုင်းပေးခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆက်လက် ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း။
ယခုဆက်လက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးနှင့် ကမ္ဘာတစ်ဝန်း ရင်ဆိုင်ရလျက်ရှိသည့် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထု အားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့အတွက် တပ်မတော်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေး ထားသည့် ကာလများကို ယခင်ကထက် ပိုမိုထိရောက်အကျိုး ရှိစွာအသုံးပြု၍ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်ပြီး ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ စေလိုကြောင်း တိုက်တွန်းအပ်ပါကြောင်း ဖော်ပြထားသည်။
သတင်းစဉ်