Skip to main content

တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၏ တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၇

စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ စာတမ်းရှင်များ၊ စိုက်ပျိုးရေးစွန့်ဦး လူငယ်ပညာရှင်များ၊ ဒေသအသီးသီးမှ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

စာတမ်းဖတ်ပွဲတွင် ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အဓိကလိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်သုံးခုလုံး ဘက်ညီညီ ဆောင်ရွက်နိုင်ရန် အထူးအရေးကြီးကြောင်း၊ အဆိုပါ သုံးခုအနက် နည်းပညာရရှိ အသုံးပြုနိုင်ရေးသည် အားလုံးပါဝင်ဆောင်ရွက် နိုင်ရန် လိုအပ်သည့် ခိုင်မာမှုရှိစေရေး၊ နားလည် သဘောပေါက်စေရေး၊ လက်ခံလိုက်နာ ကျင့်သုံးနိုင်ရေး လုပ်ငန်းများသည် အချိန်ယူဆောင် ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း။

ယခုကဲ့သို့ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးမြှင့်ပေးလာနိုင်သည်နှင့်အမျှ ခိုင်မာသော သုတေသန တွေ့ရှိချက် များအပေါ် အခြေပြု၍ တောင်သူ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးနှင့် ထုတ်လုပ် မှုကောင်းမွန်လာပြီး တောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူနေမှုဘဝ မြင့်မားလာစေမည် ဖြစ်ကြောင်း၊ တောင်သူတိုက်ရိုက် အသုံးပြုနိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ ဈေးကွက်တောင်းဆိုမှုရှိသည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုး ရေးအတွက် ဆန်းသစ်သည့် အတွေးအခေါ်များ အခြေပြု၍ သီးနှံအမယ်သစ်များ၊ မျိုးများ၊ စိုက်ပျိုးနည်းစနစ်များ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ပြောင်းလဲဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသော နည်းပညာများသည် သီအိုရီအရ ခိုင်မာမှုရှိခြင်း၊ ဒေသ ရေမြေနှင့် ကိုက်ညီမှုရှိခြင်း၊ လက်တွေ့ ဆောင်ရွက်နိုင်ခြင်းတို့ကို အဓိက ထည့်သွင်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများတွင် တစ်ခုအပါအဝင် ဖြစ်သော စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံရေးနှင့် အာဟာရပြည့်ဝရေး မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ထုတ်လုပ်မှု တိုးတက် မြင့်မားရေးသာမက အာဟာရပြည့်ဝ ရေးနှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practice)နှင့် အော်ဂဲနစ် စိုက်ပျိုးရေး ကျင့်စဉ်များ ချမှတ်ဆောင်ရွက်ထားရှိပြီး တောင်သူလယ်သမားများနှင့် စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လိုက်ပါဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည့် သုတေသနနှင့် ပညာပေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ တောင်သူများ တိုက်ရိုက်အသုံးချနိုင်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး တက္ကသိုလ်တို့အပြင် အခြားဆက်စပ် သုတေသန ဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်လည်း လိုအပ် မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက စာတမ်းဖတ်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး စာတမ်းဖတ်ပွဲကို ဆက်လက် ကျင်းပသည်။

တတိယအကြိမ် စာတမ်းဖတ်ပွဲ ကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဘွဲ့လွန်ပညာရှင် များ၊ ဘွဲ့ရ၊ ဒီပလိုမာပညာရှင်များက စာတမ်းပေါင်း (၇၆)စောင်အား ဖတ်ကြားကြမည် ဖြစ်ကြောင်း၊ (၃)ရက်ကြာ ကျင်းပပြုလုပ်မည့် အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များ တင်ပြဖတ်ကြားမည့် သုတေသန ရလဒ်များကို အပြန်အလှန် ဆွေးနွေး၍ ရရှိလာသည့် ရလဒ်များအား တောင်သူများလက်ဝယ်သို့ ရောက်ရှိအောင် စိုက်ပျိုးပညာပေးရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကောင်းဆုံး စာတမ်းများကို စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်