Skip to main content

နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

နေပြည်တော် ဇန်နဝါရီ ၂၇

နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၈၀၀ ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD စတင် ထိုးနှံခြင်းလုပ်ငန်းစဉ်ကို ယနေ့နံနက် ပိုင်းတွင် စတင်ဆောင်ရွက်သည်။

သားဖွားသင်တန်း ကျောင်း (နေပြည်တော်) တွင် COVISHIELD ကာကွယ်ဆေးထိုးနှံခဲ့သည့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ကာကွယ်ဆေးထိုးပြီး တိုင်း ရာနှုန်းပြည့် ကာကွယ်တာ မဟုတ်ပါဘူး။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသော်လည်း ပြည်သူတွေ အနေနဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်ကိစ္စတွေ၊ အထူးသဖြင့် Mask တပ်ခြင်း၊ လူတစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာ နေခြင်းတွေကို ဆက်လက်ပြီး ပိုမိုလုပ်ဆောင်စေလိုပါတယ်။ ကာကွယ်ဆေးလည်း ထိုးထားတယ်။ ဆောင်ရန်၊ ရှောင်ရန်ကိစ္စတွေကိုလည်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ကိုဗစ်ရောဂါမရှိသလောက် နည်းပါးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

COVISHIELD ကာကွယ်ဆေး စတင်ထိုးနှံခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက “နေပြည်တော် ကောင်စီ နယ်မြေအတွင်းမှာရှိတဲ့ မြို့နယ်ဆေးရုံ (၈) ရုံ၊ အထွေထွေ ရောဂါကု ဆေးရုံကြီး (၂)ရုံ၊ အထူးကု ဆေးရုံ (၄) ရုံက ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၈၀၀ ကျော်ကို ဒီနေ့မနက် ပိုင်းက စတင်ပြီး ကိုဗစ်-၁၉ ကာကွယ် ဆေး COVISHIELD ကို ထိုးနှံပေးလျက် ရှိပါတယ်။

“ဆေးထိုးတဲ့အခါမှာ တတ်နိုင်သလောက် အန္တရာယ်မဖြစ်အောင် ကြိုးစားဆောင်ရွက် နေပါတယ်။ ကာကွယ်ဆေးထိုးဖို့ ရောက်လာတဲ့ သူတိုင်းကို ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင် ပါဝင်မှု ပမာဏတွေကို စစ်ဆေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးပေးပါတယ်။ အခုလာရောက် ဆေးထိုးတဲ့သူတွေကလည်း ကျန်းမာ ရေးဝန်ထမ်းတွေဖြစ်တော့ ကျန်းမာရေး အသိပညာမြင့်ပြီးသား ဖြစ်တဲ့အတွက် ဆေးထိုးနှံမှု လုပ်ငန်းစဉ်တွေ က ချောချောမွေ့မွေ့ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံ သူများကို ကာကွယ်ဆေးထိုးနှံပြီး နောက်အန္တရာယ် တစ်စုံတစ်ရာ ရှိ မရှိ သိရှိနိုင်ရန် နာရီဝက်စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်း သတင်းပေးပို့ အကြောင်း ကြားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

“ကျန်းမာရေး ဝန်ထမ်းဦးရေနည်းတဲ့ မြို့နယ်ဆေးရုံတွေကတော့ ဒီနေ့တစ်ရက်တည်းနဲ့ ထိုးနှံမှုလုပ်ငန်း စဉ် ပြီးမှာဖြစ်ပါတယ်။ လူဦးရေများတဲ့ ဆေးရုံကြီးတွေကတော့ ၂ ရက်၊ ၃ ရက် အထိ ထိုးနှံပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးနှံပြီး ရင်တော့ ဒုတိယ အသုတ်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော်သုံးရပ်က ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ နောက်လတွေမှာလည်း ဝန်ကြီးဌာနက ချမှတ်ပေးတဲ့ စာရင်း ဇယားတွေအတိုင်း ကာကွယ်ဆေး ထိုးနှံမှုတွေကို ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဆေးကတော့ အဆင့်ဆင့်ရောက်ရှိလာမှာ ဖြစ်ပါ တယ်။ နောက်ထပ် ထိုးနှံပေးရမယ့် အုပ်စုတွေကိုလည်း ဗဟိုကော်မတီက ချမှတ်ပေးတဲ့အတိုင်း ထိုးနှံပေးသွား မှာ ဖြစ်ပါတယ်။ ဒီလိုအစဉ်လိုက် ထိုးနှံ ပေးသွားမှာဖြစ်တဲ့အတွက် ပြည်သူ တွေဆီကိုလည်း ရောက်ရှိလာမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မြတ်ဝဏ္ဏ စိုးက ပြောသည်။

နေပြည်တော်၌ COVISHIELD ကာကွယ်ဆေး ပထမဆုံးထိုးနှံခဲ့သည့် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူက “ ကျွန်မက ပထမဆုံး ကာကွယ်ဆေး ထိုးရတဲ့သူဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့် တခြား ကာကွယ်ဆေးတွေ ထိုးဖူးတဲ့ အတွေ့အကြုံရှိထားတော့ စိုးရိမ်မှု အများကြီးတော့ မရှိပါဘူး။ ဆေးထိုးရမယ်ဆိုတော့ ပထမဆုံး နာမည်စာရင်းသွင်းရတယ်။ ပြီးတော့ Screen Area မှာ လိုအပ်တဲ့ စစ်ဆေး မှုတွေ လုပ်ပေးတယ်။ အဲဒါတွေပြီးမှ ကာကွယ်ဆေးထိုးရတယ်။ ကာကွယ် ဆေး ထိုးပြီး ဆေးထိုးတဲ့ခန်းမထဲမှာပဲ ထူးခြားတဲ့ လက္ခဏာ ရှိ မရှိ သိရဖို့ နာရီဝက် ထိုင်စောင့်ရပါတယ်။ ကာကွယ်ဆေး မထိုးခင်ကတော့ ကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း လေ့လာထားတယ်။ ဘေးထွက်ဆိုးကျိုး တစ်ခုခုရှိမှာကို စိုးရိမ်ခဲ့တယ်။ ဆေးထိုး ပြီး ဘာမှထူးခြားတဲ့ လက္ခဏာမျိုး မရှိတော့ စိတ်အေးရပါတယ်။ စိတ်ချ ရတဲ့အခြေအနေမှာလည်း ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အများကြီး စိုးရိမ်မှုမဖြစ်ကြဖို့နဲ့ ကာကွယ်ဆေးကိုလည်း ထိုးနှံခွင့်ရရှိတဲ့အခါမှာ လည်း ထိုးကြပါလို့ တိုက်တွန်းလိုပါတယ်။ ကာကွယ်ဆေးထိုးပြီး ဆောင်ရန်၊ ရှောင်ရန် ကိစ္စကတော့ ထွေထွေထူးထူး မရှိပါဘူး” ဟု ပြောသည်။

ထို့အတူ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့သည့် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်း သူနာပြု ဒေါ်မြင့်မြင့်ဌေးက “ကျွန်မက အခုလက်ရှိမှာ ကိုဗစ် -၁၉ ရောဂါ ဖြစ်နေတဲ့ လူနာတွေထားတဲ့ အဆောင်မှာ တာဝန်ထမ်းဆောင်နေရ ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးပေးမယ်ဆိုပြီး မနေ့က စာရင်းသွင်းရပါတယ်။ ဒီနေ့မနက် ၇ နာရီခွဲကစပြီး ဆေးထိုး မယ့် နေရာမှာ စနစ်တကျ တန်းစီ စောင့်ဆိုင်းရပါတယ်။ ကာကွယ်ဆေး ထိုးမယ့်သူတွေ ဖြည့်စွက်ရမယ့် အချက်အလက်တွေကို ဖြည့်စွက်ရတယ်။ ပြီးရင် သွေးပေါင်ချိန် ရတယ်။ သွေးပေါင်ပုံမှန်ရှိမှ ကာကွယ်ဆေးထိုး ပေးပါတယ်။ ဆေးထိုးပြီး နာရီဝက် စောင့်ကြည့်ရတယ်။ နာရီဝက်စောင့် ကြည့်ပြီးထူးခြားမှု တစ်စုံတစ်ရာမရှိမှ ပြန်ထွက်ခွင့်ပြု ပါတယ်။

“ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ အများကြီး ပျံ့နှံ့နေတာ ရှိပါတယ်။ ကာကွယ်ဆေးထိုးရင် ဘာဖြစ်မယ်၊ ကာကွယ်ဆေးမထိုးရင် ဘာဖြစ်မယ် ဆိုတာမျိုးတွေ အများကြီးပျံ့နှံ့နေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ကာကွယ်ဆေး စထိုးရတဲ့ သူဖြစ်တော့ စိုးရိမ်စိတ် ရှိတာပေါ့။ ထိုးပြီးတဲ့အချိန် မှာတော့ အရင်ကာကွယ်ဆေး ထိုးတဲ့ အတွေ့အကြုံတွေအတိုင်းပါပဲ။ ဘာမှထူးထူးခြားခြားမရှိပါဘူး။ ကျွန်မကာကွယ်ဆေးထိုးပြီးတာ တစ်နာရီ ကျော်ပါပြီ။ ဘာမှထူးထူးခြားခြား ခံစားရတာမရှိဘဲ အားလုံးပုံမှန် အတိုင်းပါပဲ။ ဒါကြောင့် ဒီကိုဗစ် ကာကွယ်ဆေးက ထိုးသင့်ပါတယ်။ ပြည်သူတွေလည်း နောက်ထပ် ကာကွယ်ဆေးတွေ ရလာတဲ့အခါမှာ ထိုးကြပါ။ ဘာမှစိုးရိမ်ကြောက်လန့် စရာမရှိပါဘူး” ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသည့် နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကာကွယ်ဆေး ထိုးနှံမည့် ပြည်သူလူထု သိရှိထားရမည့် အချက် များကို ကာကွယ်ဆေးလာရောက်ထိုးနှံသူများ မြင်သာသည့် နေရာများတွင် ချိတ်ဆွဲကြေညာ ထားသည်ကို တွေ့ရှိရသည်။

နေပြည်တော် ခုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံမှုနှင့်စပ်လျဉ်း၍ ဆေးရုံ အုပ်ကြီး ဒေါက်တာ သီတာစိုးက “ဒီနေ့ ကာကွယ်ဆေးထိုးတဲ့ ကျန်းမာ ရေး ဝန်ထမ်းတွေထဲမှာ ဒီဆေးရုံက ၃၂၈ ဦးနဲ့ တိုင်းရင်းဆေးက ၂၄၀ ကျော် စုစုပေါင်း လူဦးရေ ၅၀၀ ကျော်ထိုးဖို့ လျာထားပါတယ်။ ကာကွယ်ဆေး လာထိုးတဲ့ ဝန်ထမ်းတွေကို ဆေးမထိုးခင်မှာ သွေးပေါင်ချိန်တယ်။ သွေးအတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတယ်။ ကိုယ်အပူချိန် တိုင်းပါတယ်။ အဲဒီလိုတိုင်းတဲ့အခါမှာ သွေးတိုးရှိတာ တွေကို တွေ့ရပါတယ်။ ဒါကြောင့် ၁၅ မိနစ်နားခိုင်းပြီး ပြန်တိုင်းပါတယ်။ ညွှန်ကြားချက်ထဲမှာလည်း သွေးပေါင် ချိန် ၁၄၀၊ ၉၀ ဆိုရင် ပြန်စစ်ပြီး ထိုးဖို့ ပါပါတယ်။ ကာကွယ်ဆေးထိုးပေးတဲ့ အချိန်မှာ အခက်အခဲတော့ မရှိပါဘူး။ တချို့ မူးတာလောက်ပဲ ရှိပါတယ်။ ဆေးထိုးတာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီဆေးရုံမှာရှိတဲ့ ဝန်ထမ်းတွေလည်း အားလုံးနီးပါး ထိုးကြပါတယ်။ အားလုံးကလည်း ထိုးချင်နေကြတာပါ။ ဘာလို့လဲဆို တော့ ဒီဆေးရုံက ကိုဗစ်-၁၉ Positive လူနာတွေ လက်ခံတဲ့ ဆေးရုံဖြစ်လို့ပါ။ ဒီက ဝန်ထမ်းတွေက Positive လူနာ တွေနဲ့ အနီးကပ် ထိတွေ့နေရတာပါ။ ဒါကြောင့် ကာကွယ်ဆေးကို တခြား ဆေးရုံတွေထက် ပိုပြီးမျှော်လင့်ကြ တာပါ။ ဒီဆေးရုံက ဝန်ထမ်းတွေ အနေနဲ့ ကိုဗစ်-၁၉ Positive လူနာ တွေနဲ့ ထိတွေ့နေရပေမယ့် Positive ဖြစ်သွားတာ တစ်ယောက်မှမရှိပါဘူး။ ဒါကြောင့်လည်း ဂုဏ်ယူပါတယ်” ဟု ပြောသည်။

ယနေ့တွင် ကိုဗစ်-၁၉ ကာကွယ် ဆေး COVISHIELD ပထမအကြိမ်ထိုးနှံ ခဲ့ကြသူများအနေဖြင့် ပထမအကြိမ် ဆေးထိုးပြီးနောက် ၂၈ ရက်အကြာ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒုတိယ အကြိမ် ထပ်မံ ထိုးနှံကြရမည်ဖြစ် ကြောင်း သိရသည်။

သတင်း-မျိုးသူဟိန်း၊ ဟိန်းမင်းစိုး

ဓာတ်ပုံ-စိုးဝင်းထွန်း