Skip to main content

ပြည်သူ့သဘောထားကို လေးစားခြင်းဖြင့်သာ

ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် အင်္ဂလိပ်အစိုးရက ပြည်မနှင့် တောင်တန်းသားများကို ခွဲခြားကာ လွတ်လပ်ရေးပေးရန် ကြိုးစားခဲ့ဖူးသည်။ နောက်ဆုံး ၁၉၄၇ ခုနှစ် ဇန်နဝါရီတွင် လန်ဒန်၌ လက်မှတ် ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရာတွင် အချက်တစ်ချက်အနေဖြင့် ထည့်ဆိုသဘောတူခဲ့ရသည်။ “ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရင့်ပြီးဆုံးသည့်အခါ ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့သည် နယ်ခြားဒေသ လူထု၏ဆန္ဒနှင့် လိုက်လျောညီစွာ အကျိုးတူ ရည်မှန်းချက် များကို ဖြည့်စွမ်းရန် အကောင်းဆုံးစနစ်နှင့် ပတ်သက်၍ သဘောတူရယူ လိမ့်မည်ဖြစ်သည်” ဟူ၏။ ။

ဦးအောင်ဆန်း မြန်မာပြည် ပြန်လည်ရောက်ရှိပြီးနောက် ပင်လုံညီလာခံသို့တက်ရောက်၏။ တိုင်းရင်းသား ခေါင်းဆောင် တို့နှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် တောင်တန်း၊ မြေပြန့် ပူးပေါင်းကာ လွတ်လပ်ရေး ရယူမည်ဟူသည့် ပင်လုံစာချုပ် ချုပ်ဆိုကာ မြန်မာပြည်သူလူထု၏ သဘောထားကို ဖော်ပြခဲ့သည်။ ပြည်နယ်များ၊ တောင်တန်းဒေသများ (နယ်ခြားဒေသများ) အားလုံးတစ်ပြိုင်တည်း လွတ်လပ်ရေး အတူတကွရယူမည်ဟူသည့် သဘောတူညီမှု စာချုပ် ဖြစ်ပေသည်။

ယင်းပြည်သူ့သဘောထားသည်ပင် မြန်မာနိုင်ငံတစ်ခုလုံးကို  ဗြိတိသျှတို့က တစ်ပြိုင်နက်တည်း လွတ်လပ်ရေးပေးရသည့် အဓိကကျသော အကြောင်းအချက်ဟု ယူသော်ရပါမည်။ ဤသို့ ဖြင့် လွတ်လပ်သော လွှတ်တော်များ၊ လွတ်လပ်သော အစိုးရအဖွဲ့နှင့် လွတ်လပ်သော မြန်မာနိုင်ငံ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံရေးဟူသည် ပြည်သူလူထု၏ အဆုံးအဖြတ်ဖြင့်သာ ဆောင်ရွက်ရသော အရာဖြစ်၏။ နိုင်ငံရေးဟုဆိုသည်နှင့် တိုင်း ပြည်နှင့် နိုင်ငံသားပြည်သူလူထုတို့၏ အရေးအရာတို့ကို အခြေခံ သည့် လုပ်ငန်းဆောင်တာတို့ကို မည်သို့မည်ပုံ ခွဲဝေတာဝန်ယူ လုပ်ကိုင်မည်၊ မည်သူတို့ကို မည်သို့မည်ပုံ တာဝန်ယူလုပ်ပိုင်ခွင့် အာဏာကို အပ်နှင်းမည်ဆိုသည့်အချက်က အရေးပါပါ သည်။

နိုင်ငံရေးအာဏာကို မည်သည့် နိုင်ငံရေးလမ်းကြောင်း၊ မည်သည့် နိုင်ငံရေးမူဝါဒ၊ မည်သည့် နိုင်ငံရေးသမား သို့မဟုတ် နိုင်ငံရေးပါတီလက်ထဲသို့ အပ်နှင်းမည်ဆိုသည်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးရသည်။ ထိုသို့သော ပြည်သူလူထု၏ အဆုံးအဖြတ်ကို နိုင်ငံရေးသမား သို့မဟုတ် နိုင်ငံရေးပါတီများက လိုက်နာရသည်။ နိုင်ငံရေးအာဏာရယူရေး ပြည်သူလူထု၏ အဆုံးအဖြတ်ကို နာခံနိုင်ရန်အတွက် နိုင်ငံရေးသမားများ နိုင်ငံရေးပါတီများက ပြည်သူလူထုကို မိမိတို့၏ မူဝါဒ၊ မိမိတို့၏ အနာဂတ်လုပ်ငန်းစဉ်များကို တင်ပြရသည်။

ပြည်သူလူထုက ယုံကြည်အားထား နှစ်သက်သော နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီကို ရွေးချယ်ကာ တာဝန်ပေး၏။ ယင်းကိုပင် ဒီမိုကရေစီ၏ အနှစ်သာရအဖြစ် အသိအမှတ် ပြုကြခြင်းဖြစ်၏။ ထို့ကြောင့် နိုင်ငံတို့၏ အခြေခံ ဥပဒေ ရေးဆွဲရာတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံက ဆင်းသက်သည်ဟူ၍ အလေးဂရုပြု ဖော်ပြရခြင်းဖြစ်သည်။

ဤသို့ဖြင့် နိုင်ငံရေးအာဏာကို နိုင်ငံရေးသမား သို့မဟုတ် နိုင်ငံရေးပါတီတို့က တာဝန်ယူ လက်ခံကာ စနစ်တကျ ကိုင်တွယ် အသုံးပြု၍ နိုင်ငံနှင့် ပြည်သူလူထုအကျိုးငှာ ဆောင်ရွက်ရသည်။ အခါအားလျော်စွာ နိုင်ငံအတွက် လိုအပ်သောလုပ်ငန်းဆောင်တာ တို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များ၏ ပါဝင်မှုကို လက်ခံရယူ ပူးပေါင်းဆောင်ရွက်ရ လေ့ရှိသော်လည်း အားလုံးသော ဆုံးဖြတ်ချက်များကိုမူ အာဏာရနိုင်ငံရေးသမားများ၊ အာဏာရ နိုင်ငံရေးပါတီများတို့ကသာ တာဝန်ယူရသည်။

အာဏာရနိုင်ငံရေးသမား၊ အာဏာရနိုင်ငံရေးပါတီဟူသည် ပြည်သူလူထုက တာဝန်လွှဲအပ်ထားသော ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ဤသို့သော ကြီးလေးသော တာဝန်များကို ဆုံးဖြတ်ခွင့်ရရှိခြင်းဖြစ်ပါသည်။ ဤသည်ပင် ပြည်သူလူထုကို လေးစားသော၊ ပြည်သူလူထု၏ အဆုံးအဖြတ်ကို ရိုသေသော ယဉ်ကျေးမှုတစ်ခုဖြစ်သည်ဟု ယုံကြည်ပါ သတည်း။