နေပြည်တော် ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီ တို့၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development - NIHED)၊ Advance HE နှင့် ဗြိတိသျှ ကောင်စီတို့ ပူးပေါင်း ကျင်းပသည့် တက္ကသိုလ်စိန်ခေါ်မှုများ (University Challenges) ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု ကော်မတီတို့မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဗြိတိသျှကောင်စီမှ ဋ္ဌာနေကိုယ်စားလှယ် Ms Sarah Deverall၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၏ ပင်မ တန်ဖိုးထားသည့် မျှော်မှန်းချက်များ (Core Values of Goals) ဖြစ်ကြသော (၁) မျက်မှောက် ခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား ရိုင်းပင်းကူညီတတ်သော ကမ္ဘာ့လူသား ကောင်းဖြစ်မှု၊ (၂) ပူးပေါင်း သင်ယူခြင်း၊ ပူးပေါင်း လုပ်ကိုင်ခြင်း၊ ပူးပေါင်းနေ ထိုင်ခြင်း တို့ကို အသင်း အဖွဲ့ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ (၃) စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ကောင်းမွန်စွာ ဆောင်ရွက်တတ်ခြင်း၊ မှန်ကန်မှု ရှိသော ကိစ္စရပ်များကိုသာ ဆောင်ရွက်ခြင်း၊ (၄) ကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက် ပေးနိုင်မည့် ပိုမိုတိုးတက်ကောင်းမွန်သော နည်းလမ်းများကို ရှာဖွေလေ့လာဖော် ထုတ်တတ် သည့် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုများကို ပိုင်ဆိုင်ကြစေရန် ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အခြေခံလျက် အရည်အသွေးရှိသောပညာရေးကို ဦးတည်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းကာ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးရှိသောပညာရေးကသာလျှင် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပိုမိုဆိုးရွားသည့် မညီမျှမှုများကို တားဆီးကာ အားလုံးအတွက် ပြည့်စုံလှပသော အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ပညာရေးကဏ္ဍ အစီရင်ခံစာနှင့် ပြည်တွင်း ပြည်ပ ပညာရှင်များက မြန်မာနိုင်ငံ၏ ဆရာအတတ်ပညာရေး စီမံခန့်ခွဲမှုကဏ္ဍရှိ စိန်ခေါ်မှုများကို ထောက်ပြခဲ့ကြပါကြောင်း၊ ဆရာခန့်ထားရေး၊ ဆရာ လုပ်ငန်းဆိုင်ရာမူဝါဒ၊ ကျောင်းအုပ်ကြီးများအတွက် စီမံခန့်ခွဲမှုသင်တန်း၊ ဘွဲ့ကြိုဆရာဖြစ် သင်တန်းအတွက် သင်ရိုး ညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု၊ လုပ်ငန်းခွင် ဆရာများအတွက် မွမ်းမံသင်တန်းများ၊ သင်ကြား သင်ယူမှုအတွက် ထိရောက်သော အိုင်စီတီအသုံးပြုမှုနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ကိစ္စရပ် များကို ထောက်ပြခဲ့ကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဤစိန်ခေါ်မှုများကို ဖြေရှင်းနိုင် ရန် ၂၀၁၆ ခုနှစ်မှစတင်၍ ပညာရေးနှင့် အင်္ဂလိပ်စာတွင် ရလဒ်ကောင်းများ ရရှိရေးအစီအစဉ် (Towards Results in Education and English-TREE) နှင့် မြန်မာနိုင်ငံရှိ ဆရာ အတတ်ပညာ အရည်အသွေး မြင့်မားရေး (Strengthening Teacher Education in Myanmar-STEM) စသည့် စီမံချက်များတို့ကို ဗြိတိသျှကောင်စီနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့အပြင် လွတ်လပ်စွာစီမံခန့်ခွဲသည့် တက္ကသိုလ်များဖြစ်လာရေးကို ဦးတည်လျက် တက္ကသိုလ် ၂၁ ကျောင်း အပါအဝင် တက္ကသိုလ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံ ဖြည့်ဆည်းခြင်းများတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဦးစားပေး လုပ်ငန်းစဉ်များအနေဖြင့် ဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသားများ၊ ဘဝတစ်သက်တာ သင်ယူသူများ၊ ပြည်ထောင်စု တိုင်းရင်းသားများ အားလုံးတို့၏ အင်္ဂလိပ်စာနှင့် အိုင်စီတီ အရည်အသွေး မြှင့်တင်ရေး၊ အမျိုးသားပညာ အရည်အချင်းမူဘောင် သတ်မှတ်ခြင်း၊ တက္ကသိုလ် ပင်မစီမံကိန်းနှင့် တက္ကသိုလ်ပဋိညာဉ် စာတမ်း ရေးဆွဲခြင်း၊ ဝန်ထမ်းရာထူး ခန့်၊ ပြောင်း၊ တိုးမြှင့်ရေး၊ တက္ကသိုလ်ဝင်ခွင့်၊ အလုပ်အကိုင်အခွင့် အလမ်း အခြေပြု ဘွဲ့သင်တန်းများနှင့် သင်ရိုးညွှန်းတမ်းများ၊ Credit Transfer စနစ်၊ သင်ကြားသင်ယူမှု၊ စစ်ဆေးအကဲဖြတ်မှု၊ သုတေသန၊ ကျောင်းနှင့် လုပ်ငန်းခွင်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးအာမခံမှုနှင့် ပညာအရည်အချင်း အသိအမှတ်ပြုမှုတို့အတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ တက္ကသိုလ် ၂၁ ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ် ပါမောက္ခများ၊ ဌာနမှူး (စီမံ/သင်တန်း) များ စုစုပေါင်း ၁၀၅ ဦး တက်ရောက် လျက်ရှိပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)