Skip to main content

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ      ၂၅

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်အပါအဝင် ပြည်နယ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။

ပညာရည်ချွန်ဆုပေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအနေဖြင့် အမိနိုင်ငံတော်ကို ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတည် ဆောက်ရာတွင် ထူးချွန်သည့် အတတ်ပညာရှင် များဖြစ်လာအောင် ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း၊ ယခုကဲ့သို့ ပြည်နယ်အတွက် အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက် ခဲ့ကြသော ကျောင်းအုပ်ကြီး များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများအား ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်ခင်သန်းနွဲ့က ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်၏ အောင်မြင်မှုအခြေအနေကို တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (အကြံပေး)နှင့် ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းတို့က ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော် အဆင့်ဝိဇ္ဇာဘာသာတွဲ ပဉ္ဇမဆု နှင့် ဒသမဆုရ သူများနှင့် (၆)ဘာသာနှင့် (၅) ဘာသာဂုဏ်ထူးရှင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြရာ ဆုရကျောင်းသား/ သူများ ကိုယ်စားကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်အနေဖြင့် နိုင်ငံတော်အဆင့် (၂)ဦး၊ (၆)ဘာသာ (၈)ဦး၊ (၅)ဘာသာ (၂၆)ဦး၊ (၄)ဘာသာ (၄၈)ဦး၊ (၃)ဘာသာ (၁၄၈)ဦး၊ (၂)ဘာသာ (၅၀၉) ဦးနှင့် (၁)ဘာသာ (၁၂၈၂)ဦးရရှိခဲ့သဖြင့် စုစုပေါင်းဂုဏ်ထူးရှင် (၂၀၂၁)ဦးရရှိခဲ့ပြီး ဂုဏ်ပြုဆုများကို ဂုဏ်ထူးရရှိသူများအပါအဝင် အထူးဆုအဖြစ်ခေါင်လန်ဖူးမြို့နယ်မှ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ (၂)ဦးကိုလည်းချီးမြှင့်ပေးမည်ဖြစ်ရာ စုစုပေါင်းချီးမြှင့်ငွေကျပ် (၄၇.၇၃)သန်း ရှိကြောင်း ပြည်နယ်ပညာ ရေးမှူးရုံးမှ သိရှိရသည်။

ပြည်နယ် ၊ ပြန်/ဆက်