Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း နှစ်ပတ်လည် အစည်း အဝေးသို့ Video Message ပေးပို့

 

နေပြည်တော် ဇန်နဝါရီ ၂၄ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်း တွင် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (Myanmar Oil and Gas Services Society MOGSS) က ကြီးမှူး၍ Online ဖြင့် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အစည်း အဝေးဖွင့်ပွဲအခမ်းအနားသို့ Video Message ပေးပို့အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကပ် ရောဂါဖြစ်ပွားမှုကြောင့် အနာဂတ်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသည် ကြိုတင်ခန့်မှန်း၍မရနိုင်သော အပြောင်းအလဲများ ရှိလာမည် ဖြစ်ပြီး နည်းပညာသစ် များ၏ပြိုင်ဆိုင်မှု၊ ရာသီဉတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုများကိုလည်း ကြုံတွေ့လာရ မည်ဖြစ်ပါကြောင်း၊ New Normal အခြေအနေအတွက် လိုက်လျောညီထွေမှုရှိစေမည့် အစီအစဉ် များကို မိမိတို့ကိုယ်တိုင် ပြင်ဆင်ကြရမည်ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် အနာဂတ်တွင် အရေးပါသောအခန်းကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေနိုင်ပြီး ဈေးကွက်သည် ဆက်လက်ဖွံ့ဖြိုး တိုးတက်နေ မည်ဟု ယုံကြည်ပါကြောင်း။

၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရေနံစိမ်းဈေးနှုန်း တဖြည်းဖြည်း ပြန်လည် မြင့်တက်လာ နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား၊ ရောင်းလိုအားနှင့် ရေနံဈေးနှုန်း အပြောင်းအလဲသည် မိမိတို့၏ ကမ်းလွန်လစ်လပ် လုပ်ကွက် စီမံကိန်းများ နိုင်ငံတကာ တင်ဒါခေါ်ဆိုနိုင်မှု အချိန် ကာလအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားမှု ကြောင့် ဓာတ်ငွေ့ဈေးနှုန်းသည် ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းအထိနှင့် Downstream Refining Sector တွင် ထုတ်ကုန်ဈေးနှုန်းများသည် ၂၀ ရာခိုင်နှုန်း အထိကျဆင်းစေခဲ့ပါကြောင်း၊ ရာသီဉတု ပြောင်းလဲ ခြင်းဖြစ်စဉ်နှင့် ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများကြောင့် စွမ်းအင် အသုံးပြုမှု ပုံစံပြောင်းလဲ လာပြီး New Energy Mix တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ပိုမိုသုံးစွဲ လာခြင်းကြောင့် သဘာဝဓာတ်ငွေ့နှင့် LNG တို့သည် အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်လာပါ ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိစုစုပေါင်း တပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်ရှိပြီး Energy Mix တွင်လည်း ရေအားမှ ၄၀ ရာခိုင်နှုန်း ခန့်၊ နေရောင်ခြည်စွမ်းအင် ၁၄ ရာခိုင်နှုန်း ခန့်၊ ပြည်တွင်း ထုတ် သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်း ခန့် နှင့် LNG မှ ၁၁ ရာခိုင်နှုန်း ခန့်ဖြစ်သဖြင့် ပြန်ပြည့် မြဲစွမ်းအင်အသုံးပြုမှု ၅၄ ရာခိုင်နှုန်း ခန့်နှင့် သန့်ရှင်းသော စွမ်းအင်အသုံးပြုမှု ၄၅ ရာခိုင်နှုန်း ခန့်ရှိပါကြောင်း။

MOGSS အနေဖြင့် အနာဂတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ အခက်အခဲ များနှင့် စိန်ခေါ် မှုများအတွက် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုတွင် ဆွဲဆောင်မှု ရှိသောကဏ္ဍများ ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်များ၌ တွင်းသစ်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက် နေပါကြောင်း၊ အဓိကရင်းနှီး မြှုပ်နှံမှုလုပ်ငန်း များဖြစ်သည့် A-6, A-3, M-9 နှင့် M-3 ကမ်းလွန် စီမံကိန်းများသည် ရေနံ ဝန်ဆောင်မှုလုပ်ငန်း များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ လျက်ရှိပါကြောင်း၊ နောင်တွင် ကုန်းတွင်း နှင့် ကမ်းလွန်ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းသစ်များသည် အကောင် အထည်ဖော် လာမည်ဖြစ်ပြီး လုပ်ငန်းအခွင့်အလမ်းများလည်း ပိုမိုပွင့်လင်းလာမည် ဖြစ်ပါကြောင်း။

  MOGSS အနေဖြင့် လက်ရှိလုပ်ငန်းများအပြင် Future Energy Transition အရ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရေးအတွက်လည်း လေ့လာဆန်းစစ်သင့်ပါ ကြောင်း၊ အထူးသဖြင့် LNG to Power Projects များအတွက် လိုအပ်သော Terminal များ၊ ဆက်စပ်စက်ရုံများ၊ ပိုက်လိုင်းများနှင့် တည်ဆောက်ခြင်း၊ သိုလှောင်ကန် တပ်ဆင်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းတို့အတွက်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ပြည်တွင်း အလုပ်အကိုင်အခွင့် အလမ်းရရှိရေး လုပ်ငန်းများဖြစ်သည့် ပုဂ္ဂလိကရေနံ လက်ယက်တွင်း လုပ်ငန်း၊ အသေးစား ရေနံချက်စက်ရုံများ အသစ်တည်ဆောက် ခြင်းလုပ်ငန်းများနှင့် ၎င်းတို့ နှင့် ဆက်စပ်သည့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် လည်း ဝန်ဆောင်မှု အခွင့်အလမ်း များရရှိနိုင်ပါကြောင်း။

 ထို့အပြင် သယ်ယူပို့ဆောင်ရေးနှင့် ချက်ပြုတ်ခြင်းကဏ္ဍအတွက် အထောက်အကူပြု LPG လုပ်ငန်းများလည်း အခြားလုပ်ငန်း အခွင့်အလမ်းများရရှိနိုင်ပါကြောင်း၊ ရေနံနှင့် ရေနံထွက် ပစ္စည်း သယ်ယူ ပို့ဆောင်ဖြန့်ဖြူး ခြင်းအတွက် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန ကို Regulatory Body အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းထားပြီး၊ ၎င်းဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များကို သက်ဆိုင်ရာ Website တွင် လေ့လာနိုင်ပါကြောင်း၊ MOGSS အနေဖြင့် အဖွဲ့ဝင်များ တိုးမြှင့်ခန့်အပ်ခြင်း၊ လိုအပ်သောငွေကြေးအတွက် ဘဏ်များနှင့် ချိတ်ဆက်လုပ် ကိုင်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာသင်တန်းများပို့ချခြင်း၊ Online Conferences နှင့် ပြပွဲအခမ်း အနားများ ပြုလုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုလုပ်ငန်းများတွင် အတွေ့ အကြုံနှင့် ပညာရပ်များကို အခြေခံကာ ပိုမိုကောင်းမွန် သော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပြည်တွင်း ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ရပ်တည်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 အဆိုပါ နှစ်ပတ်လည် အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင် ကဏ္ဍ) ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနအကြီးအကဲများ၊ MOGSS မှ နာယက ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ဝင်များ နှင့် အသင်းဝင်များနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။

(သတင်းစဉ်)