မန္တလေး ဇန်နဝါရီ ၂၃
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ စေတနာအလှူရှင်များမှဆောက်လုပ်လှူဒါန်းသည့် ၆၇ ကုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး(မန္တလေး) တွင်ပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ‘‘ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အားလုံးဝိုင်းဝန်းပြီး ပင်ပင်ပန်းပန်း ဆောင်ရွက်ခဲ့ကြ ရပါတယ်၊ ပြည်သူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပေးထုတ်ပြန်ချက်တွေကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်စေ လိုပါတယ်၊ မန္တလေးမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုဟာ စဖြစ်တဲ့အချိန်ကနေ မနေ့ကအထိ တဖြည်းဖြည်း ကျနေပါတယ်၊ ကိုဗစ်-၁၉ ရောဂါ အတွက် သီးသန့် လူနာဆောင်တွေ ရှိလာတာဟာ အရေး ပါပါတယ်၊ ဒီလိုသီးသန့်ရှိခြင်းအားဖြင့် Non-Covid လူနာတွေအတွက် ကိုပါ ကုလို့ရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်၊ MMA က Fever Clinicတွေ ဖွင့်ပြီး ဆောင်ရွက်ပေးတာက လည်း ပြည်သူလူထုအတွက် အဆင်ပြေပါတယ်၊ နောက်ပိုင်း Quarantine Center တွေမှာ ကိုဗစ်လူနာတွေ သိပ်မရှိတော့ဘူးဆိုရင် ရပ်ရွာအခြေပြု Home Quarantine ပဲ ထားသွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနကနေစီစဉ်ဆောင်ရွက်နေပြီး သင်တန်းတွေလည်း ပေးနေတယ်လို့ သိရပါတယ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး လည်းရောက်ရှိလာတော့မှာပါ၊ အားလုံးတိုးပေးဖို့လည်း နိုင်ငံတော်ကစီစဉ်နေပါတယ်၊ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့မှု ကျဆင်းသွားဖို့အတွက် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ဘယ်လိုမှမအောင်မြင်နိုင်ပါဘူး၊ ယခုလို လှူဒါန်းတဲ့ အလှူရှင်များကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က မှတ်တမ်းတင်ကျေးဇူးတင်ရှိပါတယ်”ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောသည်။
ယင်းအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ ဧရာဟင်္သာဟိုလ်ဒင်းကုမ္ပဏီ လီမိတက်လက်အောက်ရှိ ဝိတိုရိယဆေးရုံ၊A Bank နှင့် ပုသိမ်စက်မှုမြို့တော်စီမံကိန်းတို့မှ ဆောက်လုပ် လှူဒါန်းသော ၆၇ ကုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင်၏ စာရွက် စာတမ်းများကို ဦးဇော်ဝင်းရှိန် က လွှဲပြောင်းပေးအပ်ခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်ခြင်း၊ လုပ်အားလှူဒါန်းပေးသော Mother Group of Company ဥက္ကဋ္ဌ ဦးအောင်မြတ်အား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများမှ အဆိုပါယာယီဆောင် အတွင်း ကိုဗစ်-၁၉ ကုသမှု ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ပြင်ဆင်ထားမှုများကို လိုက်လံ ကြည့်ရှုကြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
‘‘ ဒီနေ့လွှဲပြောင်း ခဲ့တဲ့ ၆၇ ကုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် ယာယီတိုးချဲ့ လူနာ ဆောင်ကို သံသယလူနာဆောင်အဖြစ် အသုံးပြုသွားမှာပါ၊ သံသယလူနာတွေ Fever Corner မှာ စောင့်ဆိုင်း ချိန်ကြာမြင့်မှာမဟုတ်ဘဲ စိတ်အေးချမ်းသာစွာ ကုသခွင့်ရရှိတော့မည်ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ Positive လူနာ တွေအတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ICU ၁၄ ကုတင်၊ HDU ၆၆ ကုတင်နဲ့အောက်စီဂျင် လိုအပ်တဲ့လူနာတွေအတွက် ကုတင်၁၂၀ရှိတဲ့ ကန်တော်နဒီ၊ ဧရာစင်တာ၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံ တို့မှာလည်း လက်ခံကုသပေးလျက်ရှိပါတယ်” ဟု ဆေးရုံအုပ်ကြီးဒေါက်တာစုစုထွေးက ကျေးဇူးတင်စကား တွင်ပြောသည်။
ယခုဆောက်လုပ် လှူဒါန်းသည့် ၆၇ ကုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် ယာယီတိုး ချဲ့ အရေးပေါ်လူနာဆောင်သစ်အား ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၅ရက်နေ့တွင် စတင်ပန္နက်ရိုက် တည်ဆောက်ခဲ့ပြီး ယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ ကြောင်း၊ အလျား ၂၂၈ ပေ× အနံ ၄၀ ပေ (နှစ်ဖက်ဝင်ပေါက်ပါ) Steel Structure တစ်ထပ် အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။
ယနေ့လွှဲပြောင်းပေးအပ်လှူဒါန်းသည့် ၆၇ ကုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် ယာယီတိုးချဲ့အရေးပေါ်လူနာဆောင်သစ်သည် အဆင့်မီ ကိုဗစ်-၁၉ရောဂါ ကုသမှု အခင်းအကျင်းနှင့် တကွ မီးသတ်စနစ်၊ CCTV & PA System၊ Mechanical Ventilation System၊ Air Conditioning System၊ Oxygen Therapy System ၊ ဆရာဝန်နားနေခန်း၊ ရေချိုးခန်း၊ အိမ်သာ ၁၅ ခန်း၊ Isolate Partition များပါဝင်ကြောင်းလည်း သိရသည်။
ထိပ်ထားနိုင်