နေပြည်တော် ဇန်နဝါရီ ၂၂
ဆေးပညာနှီးနွှယ် တက္ကသိုလ် (၇) ခု၏ နောက်ဆုံးနှစ် (၁/၂၀၂၀) (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် သင်ကြားရေးစနစ် ပိုမိုကောင်းမွန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဆေးပညာရှင်များနှင့် ဆေးပညာနှီးနွှယ်ပညာရှင်များဖြစ်သည့် သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များ၊ ဆေးဝါးပညာရှင်များနှင့် အခြေခံကျန်းမာရေးပညာရှင်များ ပူးပေါင်းဆောင်ရွက်ရသဖြင့် ယင်းပညာရှင်များ မပြတ်လပ်စေရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးပညာနှီးနွှယ် တက္ကသိုလ်(၇)ခုကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးသော အရေးကြီးသည့် ညှိနှိုင်းဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ အနေဖြင့် တက္ကသိုလ် တစ်ခုနှင့်တစ်ခုအကြားတွင် လည်းကောင်း၊ ဘာသာရပ်တူ ဌာနအချင်းချင်းတွင် လည်းကောင်း ချိတ်ဆက်မှုများ၊ အပြန်အလှန်ပံ့ပိုးမှုများဖြင့် ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ကောင်းများ မွေးထုတ်နိုင်ရေး ဆောင်ရွက်ကြစေ လိုပါကြောင်း။
သူနာပြုတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့ရှိ ဆရာ/ ဆရာမများအနေဖြင့် အင်တာနက်ကွန်ရက် အသုံးပြုကာ ဆွေးနွေးမှုများကို (၂) လလျှင် (၁) ကြိမ်ခန့် ပုံမှန်ပြုလုပ်ပြီး အတွေ့အကြုံများ မျှဝေစေလိုပါကြောင်း၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များတွင် အသုံးပြုလျက်ရှိသော သင်ကြားမှုနည်းစနစ်များ၊ သင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်မှုနည်းစနစ်များကို လေ့လာသုံးသပ်ကာ မိမိတို့ဝန်ကြီးဌာနရှိ တက္ကသိုလ်များ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆက်လက်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ဖြစ်နိုင်ပါက မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း (outcome based integrated curriculum) သင်ရိုးညွှန်းတမ်းပုံစံဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရပ်အလိုက် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများကိုလည်း ယခုထက် ပိုမိုအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက် စေလိုပါကြောင်း။
ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခု၌ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဧည့်ပါမောက္ခများနှင့် ကထိကများ ပိုမိုခန့်ထားရန်နှင့် ယင်းပါမောက္ခများနှင့် ကထိကများက ကျောင်းသားကျောင်း သူများကို သင်ကြားလေ့ကျင့်စေလိုပါကြောင်း၊ တက္ကသိုလ်တစ်ခုချင်းအလိုက် အကြောင်းအရာ လမ်းညွှန်များကိုလည်း အမြန်ဆုံးပြုစုစေလိုပါကြောင်း၊ သုတေသနပြုလုပ်သည့် အလေ့အကျင့် ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရန် သုတေသနဆိုင်ရာ သင်ခန်းစာများကိုလည်း ပထမနှစ် သင်တန်းများမှ စတင်ကာ ထည့်သွင်းသင်ကြားစေလိုပါကြောင်း၊ သုတေသန ခေါင်းစဉ်များကို စုစည်းထားသည့် သုတေသနခေါင်းစဉ်ဘဏ်ကိုလည်း တက္ကသိုလ်အလိုက် ထားရှိစေလိုပါကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်ရှိ ပညာရပ်ဘာသာအလိုက် ကိုက်ညီသည့် ကျန်းမာရေး စာရင်းအင်းပညာ သင်ခန်းစာများကို မဖြစ်မနေ ထည့်သွင်းသင်ကြားရမည် ဖြစ်ပါကြောင်း။
ပညာရပ်ဆိုင်ရာ ကျင့်ဝတ်များဖြစ်သော သူနာပြုကျင့်ဝတ်၊ ဆေးဝါးပညာရှင်ကျင့်ဝတ်၊ ဆေးဘက်ဆိုင်ရာနည်းပညာရှင်ကျင့်ဝတ်နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျင့်ဝတ်များကိုလည်း ကျောင်းသားကျောင်းသူများ ပိုမိုနားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးစေရန် ပျိုးထောင် ပေးစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခု၌ မည်သည့်ဘာသာရပ်ကိုမဆို သင်ကြားပို့ချရာတွင် အချိန်ပြည့်သင်ကြားပို့ချခြင်း တစ်မျိုး တည်းမဟုတ်ဘဲ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်ရန်အချိန်ကို မဖြစ်မနေထည့် သွင်းထား ရမည်ဖြစ်ပါကြောင်း၊ စာသင်ခန်းထဲတွင် သင်ကြားခြင်းသာမက ကိုယ်တိုင်စာကြည့်တိုက်မှ ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်းများကို ဖတ်ရှုလေ့လာသည့် အလေ့အကျင့်များ ပိုမိုဖြစ်ထွန်း လာစေရေးအတွက် သင်ကြားမှုပုံစံစနစ်ကို ပြောင်းလဲရမည့်အပြင် အခြေခံကွန်ပျူတာ အသုံးချမှုကိုလည်း သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းရေးဆွဲထားရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ သည် ဆက်လက်ရှိနေဦးမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခုတွင် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို ပိုမိုအသုံးချကာ သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်စေလိုပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသုံး သင်ကြားသင်ယူမှု၊ အတန်းတွင်းလေ့ကျင့်ခန်းများ ပြုလုပ်မှုနှင့် စာမေးပွဲစစ်ဆေးမှုများစသည် ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းဘက်စုံအတွက် စနစ်တစ်ရပ်ပေါ် ပေါက်လာစေရေး တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ/ ဆရာမများနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေး ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာနှင့် တက္ကသိုလ်များ၏ အင်တာနက်စာမျက်နှာများတွင် ဆေးနှင့်ဆေးပညာ နှီးနွှယ်ဘာသာရပ်အလိုက် ပညာရပ်သင်ကြားမှု ရုပ်သံ (video lecture) များ ရိုက်ကူးထုတ်လွှင့် ထားလျက်ရှိရာ ယခုထက်ပိုမိုများပြား စုံလင်စေရန်အတွက် တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာဆရာမများက အချင်းချင်းတိုင်ပင်ညှိနှိုင်းမှုများ ပြုလုပ်ပြီး သင်ခန်းစာအကြောင်းအရာ ခေါင်းစဉ်များ ခွဲဝေရိုက်ကူးကြစေလိုပါကြောင်း။
တက္ကသိုလ်များရှိ သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှု ဘုတ်အဖွဲ့ဝင်များနှင့် ဆရာ/ ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု မွမ်းမံသင်တန်းများ ပိုမိုပြုလုပ်နိုင်ရန် ဝန်ကြီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် ဆရာဆရာမများ တိုင်ပင်ဆွေးနွေးပြီး အစီအစဉ်ရေးဆွဲကာ ပုဂ္ဂလိက ကဏ္ဍတွင် လုပ်ကိုင်နေသည့် ဆေးပညာနှီးနွှယ်ပညာရှင်များအတွက် certificate သင်တန်းများကိုလည်း ပြုလုပ်စေလိုပါကြောင်း၊ ပါမောက္ခချုပ်များအနေဖြင့်လည်း မိမိတို့၏ တက္ကသိုလ် ဘက်စုံပိုမို ဖွံ့ဖြိုးတိုးတက်စေရေး၊ ပုံရိပ်မြှင့်တင်ရေး၊ တက္ကသိုလ် ဂုဏ်အင်္ဂါရပ်များနှင့် ပြည်စုံစေရေးအတွက် ပါမောက္ခများ၊ ဆရာဆရာမများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ကျောင်းသားကျောင်းသူများ၏ အမြင်များကို ရယူခြင်းဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းက ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ နောက်ဆုံးနှစ် (၁/၂၀၂၀) သင်တန်းများ ကျောင်းသားကျောင်းသူ များနေထိုင်ရန် အဆောင်များစီစဉ်ထားမှု၊ အတန်းတင်စာမေးပွဲကို အဆိုပါကာလ၌ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေများနှင့်အညီ အသင့်တော်ဆုံးပုံစံဖြင့် ဆောင်ရွက်ရန် အစီအစဉ်များ၊ တက္ကသိုလ်အလိုက် နောက်ဆုံးနှစ် သင်တန်းသား သင်တန်းသူအရေအတွက်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တက်ရောက်မည့် အရေအတွက်နှင့် ကြိုတင်အစည်း အဝေးများပြုလုပ်ထားကာ စီမံချက်(မူကြမ်း) ရေးဆွဲထား ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆေးဝါးတက္ကသိုလ် (ရန်ကုန်)၊ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဆေးဘက် ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ သူနာပြုတက္ကသိုလ် (မန္တလေး)နှင့် အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး) တို့မှ ပါမောက္ခချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်မှတစ်ဆင့် တက္ကသိုလ်အလိုက် နောက်ဆုံးနှစ် (၁/၂၀၂၀) (ပုံမှန်) သင်တန်းများပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ဆောင်ရွက်သွားမည့် အစီအစဉ်၊ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ သင်တန်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ထားရှိမှုများကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့်ဗဟိုကော်မတီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက် ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံချက်များကို ဆောင်ရွက်မည့် အချိန်ကာလနှင့်တကွ စနစ်တကျရေးဆွဲထား သည်ကို တွေ့ရပါကြောင်း၊ သင်ကြားလေ့ကျင့်ရာတွင် ပညာရပ်ဆိုင်ရာကျွမ်းကျင် ပိုင်နိုင်မှု အပြင် ကျင့်ဝတ်လိုက်နာ ဆောင်ရွက်နိုင်မှု၊ ဘက်ပေါင်းစုံမှ တွေးခေါ်မျှော်မြင်နိုင်မှု၊ အပြုသ ဘောဆောင်ရွက်နိုင်မှု၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တတ်မှု၊ အသင်းအဖွဲ့စိတ်ရှိမှု၊ ရှေ့သို့ မျှော်မှန်းဆောင်ရွက်တတ်မှု အစရှိသည့် အရည်အသွေးများ ရရှိစေရန်အတွက်ကိုလည်း အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)