နေပြည်တော် ဇန်နဝါရီ ၂၁
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၈၀၀ နာရီမှ စတင်၍ video conference ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
အလေးပေး ဖော်ဆောင်
အစည်းအဝေးတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof က ၂၀၂၁ ခုနှစ်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းသို့ပြောကြားရာ၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အတွင်း “သာယာဝပြောသော အာဆီယံအသိုက်အဝန်းဆီသို့ အပြန်အလှန် ဖေးမကူညီမှုဖြင့် အတူတကွ ပြင်ဆင် ဆောင်ရွက်ကြပါစို့” (We Care, We Prepare, We Prosper) ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက ဦးစားပေးလုပ်ငန်းစဉ် (၃) ခု ဖြစ်သည့် ပြည်သူကို ဗဟိုပြုလျက် သာတူညီမျှရှိ၍ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော အာဆီယံ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေးအတွက် အာဆီယံ၏ အပြန်အလှန် ဖေးမကူညီမှုကို အခြေခံ၍ ဆောင်ရွက်ရန်၊ အာဆီယံအနေဖြင့် လက်ရှိကာလနှင့် နောင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းသစ်များ ယူဆောင်ပေးနိုင်ရန် ကြံ့ကြံ့ခံရပ်တည်နိုင် စေရေးအတွက် အနာဂတ်ကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်နှင့် ဒေသတွင်း စဉ်ဆက်မပြတ် သာယာဝပြောစေရေးကို မြှင့်တင် ဆောင်ရွက်ရန်နှင့် အားလုံးအတွက် အခွင့်အလမ်းများကို ဖန်တီးပေးရန်တို့ကို အလေးပေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက (၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၏ ဦးစားပေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိစ္စနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာကိစ္စများကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
အာဆီယံ၏ ဦးစားပေးတစ်ခု
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ထောက်ခံလျက် ဦးစားပေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် သိသာထင်ရှား သည့် ရလဒ်ကောင်းများ ရရှိရန်နှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုများ ပိုမိုတိုးတက်စေရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံက ဦးဆောင်သွားမည်ဟု ယုံကြည်ကြောင်းနှင့် လုံခြုံစိတ်ချရမှုရှိ သည့် COVID-19 ကာကွယ်ဆေး ဆောလျင်စွာ ရရှိရေးကိုလည်း အာဆီယံ၏ ဦးစားပေး တစ်ခု အနေဖြင့် ဆောင်ရွက်ရန် အရေးကြီးကြောင်းကို ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ဝင်ရောက်လာသူများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရာ၌ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊ အာဆီယံ ပဏာမဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီ ရင်ခံစာပါ အကြံပြုချက်များကို ဖော်ဆောင်ရန်အတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု များ၊ နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွါသူများ ပြန်လည်လက်ခံရေး လုပ်ငန်း စဉ်ကို စတင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းလျက်ရှိ သည့် အခြေအနေများအပြင် ၁၉-၁-၂၀၂၁ ရက်နေ့တွင် video conference ဖြင့် ပြုလုပ် ခဲ့သည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဒုတိယဝန်ကြီးအဆင့် အလွတ်သဘော အစည်းအဝေး၌ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်/လက်ခံရေး စတင်အကောင်အထည် ဖော်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမှုရလဒ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပံ့ပိုးကူညီသွားမည်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးအပြီးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန် ချက်တွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည် ပို့ဆောင်/လက်ခံ ရေးလုပ်ငန်းစဉ်ကို စတင်နိုင်ရေး ဆောင်ရွက်မှုများ အပါအဝင် ရခိုင် ပြည်နယ် အခြေအနေကို ဖြေရှင်းရန် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်များကို ကြိုဆိုပါကြောင်း၊ အသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ အားလုံးပါဝင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရှိစေရေးတို့ကို ဆောင်ရွက်ရန်အတွက် တည်ငြိမ်အေးချမ်းမှု ကို ဖော်ဆောင်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှု များကို အာဆီယံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ထပ်လောင်းအတည်ပြု ပါကြောင်း၊ ယင်းသို့ ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံကို ပံ့ပိုးကူညီရန် အာဆီယံ အနေနှင့် ပိုမိုထိရောက်သည့် အခန်းကဏ္ဍမှပါဝင်ရန် အဆင်သင့်ရှိမှုကိုလည်း ထပ်လောင်း အတည်ပြုကြောင်း၊ အာဆီယံ ပဏာမဆန်းစစ်လေ့လာမှု အစီရင်ခံစာပါ အကြံပြုချက်များကို ဖော်ဆောင်ရာတွင် အာဆီယံ အတွင်းရေးမှူးချုပ်၏ ကြိုးပမ်းမှုများအပေါ် ကျေးဇူးတင် ရှိကြောင်းကို ထပ်လောင်းဖော်ပြ အပ်ကြောင်း၊ အလုံးစုံလိုအပ်ချက်ဆန်းစစ်လေ့လာမှု စတင်နိုင်ရေးကိုလည်း မျှော်လင့်ကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည် ပို့ဆောင်/ လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် နယ်ပယ်များကို ဆက်လက်ဖော်ထုတ်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ကို တိုက်တွန်းအား ပေးကြောင်း ဖော်ပြထားသည်။
ယခုအစည်းအဝေးသည် ၂၀၂၁ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ၏ လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ဘရူနိုင်း ဒါရူဆလမ်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ ထမ်းဆောင်မည်ဖြစ်သည်။
သတင်းစဉ်