နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် အကြိမ် (၄၀) မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။
အဆိုပါကယ်ဆယ်ရေး လေယာဉ်တွင် ဘရာဇီးမှတစ်ဦး၊ ဥရုဂွေးမှ နှစ်ဦး၊ အီဂျစ်မှ သုံးဦး၊ ဆွစ်ဇာလန်မှ တစ်ဦး၊ အမေရိကန် ပြည်ထောင်စုမှ ခုနစ်ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၇၃ ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၈၇ ဦး လိုက်ပါခဲ့ကြ သည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ၁၄ ရက် နှင့်နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသား များအား ပြန်လည်ခေါ်ဆောင် ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာ သံရုံး များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်