Skip to main content

7 Book Zay Online Bookstore မိတ်ဆက်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၁

စာပေထုတ်ဝေဖြန့်ချိရေးကဏ္ဍအား ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းသစ်တစ်ခုအဖြစ် ပိုမိုတိုးတက်အောင်မြင်စေရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေး အတွက် 7 Book Zay Online Bookstore (7BookZay.com)  မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက Virtual စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် စာရေးဆရာကြီးများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Virtual စနစ်ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းက အဖွင့်အမှာစကား ပြောကြားပြီး Information Matrix Co.,Ltd ၏ CEO ဦးသောင်းစုငြိမ်းက ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားကာ 7 Book Zay Online Bookstore အား Virtual စနစ်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြသည်။

7 Book Zay နှင့် Book Fair အကြောင်းကို တင်ဆက်ပြီး၊ “New Normal Life နှင့် စာအုပ် ထုတ်ဝေရေးလောက အပြောင်းအလဲများ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ကိုအောင်စည်သာ(စိတ်ကူးချိုချို စာအုပ်တိုက်) က ဆောင်ရွက်ပြီး စာရေးဆရာ/ဆရာမများ ဖြစ်ကြသည့် ခင်နှင်းကြည်သာ၊ မိုးရှင်း I.M.T ၊ သျှားသုနှင့် ဒေါက်တာ စိမ့်စမ်းဖြူတို့က ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆက်လက်၍ 7BOOK Zay နှင့် လက်တွဲလုပ်ကိုင်သူ စာအုပ်တိုက်များ၏ ဂုဏ်ပြုအမှတ်တရ စကားသံများတင်ဆက်ပြီး “စာဖတ်ခြင်းနှင့် အွန်လိုင်းစာအုပ်စင်ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါက်တာဖြိုးသီဟ (စာရေးဆရာ) က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဆရာလင်္ကာရည်ကျော် (စာရေးဆရာ)၊ ဆရာမင်းကိုနိုင်(စာရေးဆရာ)၊ မထက်ရည်(စာရေးဆရာမ)၊ ဦးမောင်မောင်စိုး (Save The Library စာကြည့်တိုက်များ တည်ထောင်သူ) နှင့် ကိုကျော်ထက်အောင် (ရုပ်ရှင်သရုပ်ဆောင်၊ အစီအစဉ် တင်ဆက်သူ၊ နည်းပြ) တို့က ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း၊ အခမ်းအနားသို့ တက်ရောက်သူ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

MOI