Skip to main content

ဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ တုံ့ပြန်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များနှင့် ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။ 

အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး တို့သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်များပင်ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာပင် အဆိုပါလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်ရန်နှင့် ငြိမ်းချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာစေရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ရေးဆွဲထားပါကြောင်း။

အဆိုပါ စီမံကိန်းနှင့်အညီ နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်သည့် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည် ဖော်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းစီမံချက်ပါ ဦးစားပေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စီမံချက် အကောင်အထည်ဖော် တိုးတက်မှုအခြေအနေကို စောင့်ကြည့် အကဲဖြတ်ခဲ့ပါကြောင်း၊ အကဲဖြတ်မှုများအရ စီမံချက်ပါဦးစားပေး စီမံကိန်း (၃၂) ခုအနက် (၂၈) ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ ထို့အတူ နိုင်ငံတော် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်ကို အကောင်အထည် ဖော်လျက် ရှိပါကြောင်း၊ ထို့အပြင် Myanmar Economic Resilience and Reform Plan (MERRP) ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်း ထူထောင်နိုင်ရန် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေး နွေးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ကွာဟချက် များနှင့် အကြံပြုချက်များကို ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရ၏မူဝါဒများနှင့် အဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများကို ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် စီမံကိန်း အကောင်အထည်ဖော်သည့်နေရာရှိ ဒေသခံပြည်သူလူထုအတွက် ပိုမိုအကျိုး ဖြစ်ထွန်းစေရန် အလေးထားဆောင်ရွက်သည့် ရန်ပုံငွေခွဲဝေသုံးစွဲခြင်းမျိုးဖြစ်ရန်လည်း လိုအပ်ကြောင်း  ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၏ လုပ်ငန်းတာဝန်များနှင့် ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်း စဉ်များကို ဆွေးနွေးတင်ပြ ကြသည်။

ယင်းနောက် တက်ရောက်လာကြသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဦးစီးဌာန၊ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန်ရေး အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းလုပ်ငန်းများ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်သွားကြ မည်ဖြစ်ကြောင်းနှင့် ညှိနှိုင်းပေါင်းစပ်မှုများကို ခံစားရရှိမည့်ပြည်သူလူထု အကျိုးရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း (၂၃) ဖွဲ့မှ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး JICA နှင့် INGO Forum တို့မှ တာရှိသူများကလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)