နေပြည်တော် ဇန်နဝါရီ ၂၀
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာနက ဖွင့်လှစ်သော ရုံးစာရေးနည်း သင်တန်းအမှတ်စဉ် (၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ယခုသင်တန်းသို့ တက်ရောက် လာကြသည့် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ အရာထမ်း ၆၉ ဦးကို ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အွန်လိုင်းသင်တန်း ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းသည် တစ်ဦးတစ်ယောက်တည်းဖြင့် ဆောင်ရွက်၍ မရဘဲ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်ကြရပြီး ဦးစီးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ၊ ဝန်ကြီးဌာန များစသည်ဖြင့် ပူးပေါင်းဆောင်ရွက် ကြရပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ အသင်းအဖွဲ့စိတ် ဓာတ်အပြည့်နှင့် ပူးပေါင်းဆောင်ရွက်လျှင် ရုံးလုပ်ငန်းများ အောင်မြင်ပါကြောင်း၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံးတို့ကိုလည်း ကျွမ်းကျွမ်း ကျင်ကျင် ဆောင်ရွက်နိုင်သည့် စွမ်းရည်များနှင့် ပူးပေါင်းတာဝန်ယူ တာဝန်ခံ၍ ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ စဉ်ဆက်မပြတ် ကောင်းမွန်နေစေရေးတို့အတွက် လုပ်ငန်းခွင်ကြိုသင်တန်းများ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများတို့ကို တာဝန်ရှိသူများတို့ကလည်း ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ ယနေ့ ဒီဂျစ်တယ် နည်းပညာခေတ်တွင် တစ်သက်တာ ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ သင်ယူနိုင်ရေးအတွက်လည်း ရုံးသုံး မြန်မာစာ အရေး၊ အဖတ်၊ အတွက်သာမက အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှု၊ IT နည်းပညာများ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိများ၊ ဘဏ္ဍာရေးနှင့် ပတ်သက်သည့် အခြေခံကျွမ်းကျင်မှုများ တတ်မြောက်ထားရန် အရေးကြီး ပါကြောင်း။
ထို့ကြောင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနေရသည့် ကာလ အတွင်း၌လည်း ရပ်နားထားရသည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖြစ်သည့် အင်္ဂလိပ်ဘာသာစကားသင်တန်း၊ ရုံးသုံးကွန်ပျူတာသင်တန်း စသည်တို့ကို အွန်လိုင်းစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်နေပါကြောင်း၊ ဝန်ထမ်းများအားလုံး အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်နှင့် ဝတ္တရားများကို ရိုးရိုးသားသား၊ တည်တည်ငြိမ်ငြိမ်၊ ကြိုးကြိုးစားစားဖြင့် တစ်သက်တာ နက်နက်နဲနဲ သင်ယူတတ်မြောက်၍ ပူးပေါင်းတာဝန်ယူလျက် တာဝန်ကျေပွန်စွာ ကျွမ်းကျွမ်းကျင်ကျင် ဆန်းသစ်တီထွင်ဆောင်ရွက်ပါက ရုံးလုပ်ငန်းများကို အရည်အသွေး ကောင်းကောင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်/ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းသား သင်တန်းသူများ ဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဝန်ထမ်းများ၏ ရုံးလုပ်ငန်းစွမ်းရည် မြှင့်တင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက သင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ ရုံးစာရေးနည်း သင်တန်း (၅) ကြိမ်တွင် ဝန်ထမ်း ၂၁၀ ၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း (၅) ကြိမ်တွင် ၇၉၈ ဦးနှင့် ရုံးလုပ်ငန်းအသုံးပြု ကွန်ပျူတာ အခြေခံ ကျွမ်းကျင်သင်တန်း (၆) ကြိမ်တွင် ၂၇၅ ဦး တက်ရောက်ခဲ့ပြီး ယနေ့ဖွင့်လှစ်သော ရုံးစာရေးနည်းသင်တန်း အမှတ်စဉ် (၆) သို့ သင်တန်းသား ၆၉ ဦး တက်ရောက်ကြကာ ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ အွန်လိုင်း စနစ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)