Skip to main content

ကမ္ဘာ့ကပ်ရောဂါကြီးကို ကုသတဲ့နေရာတွေက ရရှိလာတဲ့အတွေ့အကြုံတွေကို ပြန်လည်ပြီး တင်ပြခွင့်ရတဲ့ ထူးခြားတဲ့ ညီလာခံကြီး ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဆေးပညာသမိုင်းမှာ တကယ်ကို ထူးခြားတဲ့ ညီလာခံတစ်ခု ဖြစ်တယ်လို့ ပြောကြားလိုပါတယ် (ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း)

ကမ္ဘာ့ကပ်ရောဂါကြီးကို ကုသတဲ့နေရာတွေက ရရှိလာတဲ့အတွေ့အကြုံတွေကို ပြန်လည်ပြီး တင်ပြခွင့်ရတဲ့ ထူးခြားတဲ့ ညီလာခံကြီး ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဆေးပညာသမိုင်းမှာ တကယ်ကို ထူးခြားတဲ့ ညီလာခံတစ်ခု ဖြစ်တယ်လို့ ပြောကြားလိုပါတယ် (ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း)

 ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့ - Fighting together against the COVID-19” ဆောင်ပုဒ်ဖြင့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာနရုံးချုပ်၌ Virtual Conference ဖြင့် ကျင်းပသည်။

အဆိုပါ ညီလာခံတွင် ကျန်းမာရေးဆိုင်ရာ သုတေသီပညာရှင်များ၏ သုတေသနတွေ့ရှိချက်များကို     တင်ပြ ဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ခြင်း တို့အပြင် ယခုနှစ် တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေခြင်းနှင့် တိုက်ဆိုင်နေသည့်အတွက် မြန်မာ သုတေသီများ၏ လေ့လာတွေ့ရှိထားသော ကိုဗစ်-၁၉ ဆိုင်ရာ သုတေသန တွေ့ရှိချက်များကိုလည်း တင်ပြ ဆွေးနွေးကြသည်။

ထို့ပြင်  ညီလာခံတွင် သုတေသန စာတမ်း၂၈စောင်၊ အသုံးချ သုတေသန စာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ် သုတေသန စာတမ်း ၂၉ စောင်နှင့် သုတေသနပိုစတာ ၇၅ စောင်တို့ကို တင်သွင်းဖတ်ကြားပြသသွားမည်ဖြစ် ပြီး ပြည်တွင်းမှ မြန်မာသုတေသီများ သာမက အမေရိကန်၊ ဩစတြေးလျနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ သုတေသီများပါ တက်ရောက်၍ ပူးပေါင်းပါဝင် ဆွေးနွေးကြသည်။

သို့ပါ၍  မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံနှင့် ပတ်သက်၍ ညီလာခံသို့ တက်ရောက် လာကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ရေးသားတင်ပြလိုက်ရပါသည်။

ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသန ဦးစီးဌာန

ဒီနေ့ကျင်းပတဲ့ ညီလာခံကတော့ နှစ်စဉ်နှစ်တိုင်း   ကျင်းပမြဲဖြစ်တဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖြစ်ပါတယ်။ အခု ဆိုရင် (၄၉)ကြိမ်တိုင် ခဲ့ပါပြီ။ ဒီတစ် ခေါက်မှာတော့ ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားတဲ့အချိန်နဲ့  တိုက်ဆိုင်တာ ကြောင့် Virtual Conference နဲ့ ကျင်းပဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြတာပါ။ အခုလိုဆောင်ရွက်ဖို့ စာတမ်းကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတယ်။ ပြန်ကြားရေးကော်မတီတွေ ဖွဲ့စည်းတယ်။ ဒီလိုအဆင့်ဆင့်ဖွဲ့စည်းပြီး စာတမ်းကြီးကြပ်ရေး ကော်မတီကနေ စာတမ်းတွေကို အခြေခံ သုတေသန စာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေး သုတေသနစာတမ်း၊ လူမှုရေးနဲ့ပတ်သက်တဲ့ သုတေသန စာတမ်းတွေ၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသတဲ့နေရာမှာ တွေ့ကြုံရတဲ့ ဘက်ပေါင်းစုံက စာတမ်းတွေကို နည်းပေါင်းစုံနဲ့ သေချာ စနစ်တကျစိစစ်ပြီး (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ       ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံမှာ တင်သွင်းပြီး ဖတ်ကြားပြသမှာဖြစ်ပါတယ်။

ဆုချီးမြှင့်သွားမယ်

တင်သွင်းတဲ့ သုတေသန စာတမ်းရှင် တွေကိုလည်း အလေးဂရုပြုတဲ့အနေနဲ့ ဆုချီးမြှင့်သွားမယ်။ လူငယ်သုတေသီတွေကို သုတေသနလုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်တွေ၊ သုတေသန မျိုးစေ့လေးတွေ ရှင်သန်လာစေဖို့ ဦးတည်ချက်တွေနဲ့ လူငယ်သုတေသီဆုကိုလည်း ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်နဲ့ နှီးနွှယ်နေတဲ့ တက္ကသိုလ်တွေအားလုံးမှာ သုတေ သနက မရှိမဖြစ် အရေးကြီးပါတယ်။ တက္ကသိုလ်တစ်ခု အဆင့်အတန်း မြင့် လာဖို့က သုတေသန မပါလို့ မဖြစ်သလို သုတေသနသည် အခြေခံကျောရိုး ဖြစ်ပါတယ်။ ဒါကြောင့် သုတေသန ကဏ္ဍမှာ  သုတေသန လုပ်ချင်တဲ့စိတ်၊ သုတေသနလုပ်တယ်ဆိုရင် ဘယ်လို မျိုး တိုးတက်ကောင်းမွန်လာနိုင်တယ် ဆိုတဲ့    အသိတွေကို  သိရှိဖို့အတွက် အခြေခံပညာကျောင်းများကနေ စတင် ပြီးတော့ သုတေသန မျိုးစေ့တွေကို အခုကတည်းက စတင်ပြီးတော့ ရင်းနှီးမြှုပ်နှံပြီး သင်ကြားပေးခဲ့မယ် ဆိုရင်၊ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံမှာ သုတေသန လုပ်ချင်တဲ့သူတွေလည်း များလာမယ်။ သုတေသနလုပ်ဖို့ အခွင့်အလမ်း တွေလည်း တဖြည်းဖြည်း တိုးတက်လာတာနဲ့အမျှ ထောက်ခံပေးနိုင်မယ်။ သုတေသန လုပ်ကိုင်နိုင်ဖို့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနိုင်မယ့် အခြေအနေတစ်ခုကို ဖန်တီးနိုင်တဲ့ အချိန်အခါလို့ ပြောလို့ရပါပြီ။ ဒါတွေအားလုံးကို ဆောင်ရွက်ကြမယ် ဆိုရင်တော့ နောင်တစ်ချိန်မှာ သုတေသန အဆင့်အတန်းတွေ ပိုမိုပြီးတော့ မြင့်မားလာပြီး အရည်အသွေးရှိတဲ့၊ ကမ္ဘာမှာ ရင်ပေါင်တန်းနိုင်တဲ့ သုတေသနစာတမ်းတွေ  ဆက်လက်ပြီးတော့  ထုတ်ပြန် သွားနိုင်မယ်လို့ ယူဆပါတယ်။

သုတေသနညီလာခံရဲ့ ထူးခြားချက်က ရာစုနှစ်တစ်ခုမှာ ထူးခြားတဲ့အဖြစ် အပျက်ပေါ့။ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ခဲ့တဲ့နေရာမှာ  ဒီရောဂါက တစ်ကမ္ဘာလုံးမှာ ဘယ်လို ကုရမယ်ဆိုတာလည်း မသိပါဘူး။ ရောဂါက ခန္ဓာကိုယ်ကို ဘယ်လိုတိုက်ခိုက်တယ်ဆိုတာ စမ်းတဝါးဝါးနဲ့ ကုသရင်းနဲ့ပဲ၊ အတွေ့ အကြုံ ရရင်းနဲ့ပဲ  ပြုပြင်ပြောင်းလဲပြီး သွားနေရတာဖြစ်ပါတယ်။ ပထမ ဖြစ်ခါစအချိန်မှာ ကုတဲ့ ကုထုံးတွေဟာ အခုအချိန်မှာ သုံးလို့မရတော့တဲ့ အနေအထားတွေလည်း တွေ့ရှိနေရပါတယ်။ အဲဒီလိုမျိုး   ပြောင်းလဲနေတဲ့ အနေအထားတစ်ရပ်မှာ ဒီလိုမျိုး ကမ္ဘာ့ကပ်ရောဂါကြီးကို ကုသတဲ့နေရာတွေ ကရရှိလာတဲ့ အတွေ့အကြုံ၊ တကယ် ဆောင်ရွက်နေတဲ့ ကုသရေး၊ ကာကွယ် ရေး၊ ရောဂါရှာဖွေရေး၊ မျိုးဗီဇရှာဖွေရေး အစရှိသဖြင့် သက်ဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာပါရှိတဲ့   ပညာရှင် တွေက သူတို့ တကယ်တွေ့ကြုံခဲ့ရတဲ့ လက်တွေ့ အတွေ့အကြုံတွေ၊ ဒါတွေ ကို   ပြန်လည်ပြီး   တင်ပြခွင့်ရတဲ့ ထူးခြားတဲ့ညီလာခံကြီးဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ဆေးပညာသမိုင်းမှာ တကယ်ကို ထူးခြားတဲ့ ညီလာခံတစ်ခု ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

ပါမောက္ခ ဒေါက်တာဌေးဌေးတင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) အမျိုးသားကျန်းမာရေး  ဓာတ်ခွဲမှုဆိုင်ရာဌာန

(၄၉)   ကြိမ်မြောက်   မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနညီလာခံရဲ့ ခေါင်းစဉ်က Fighting  together against the COVID-19 ဖြစ်ပါတယ်။ ဘက်ပေါင်းစုံကနေ တစ်နှစ်ကြာမြင့် နေပြီဖြစ်တဲ့ ကိုဗစ်-၁၉   ရောဂါကို ထိန်းချုပ်တယ်။ ကာကွယ်တယ်။ ကုသကြတယ်။ အဲဒီအချိန်မှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေနဲ့ ကောင်းမွန်တဲ့ လမ်း ကြောင်းကို ဘယ်လိုဆက်ပြီး လျှောက် မလဲဆိုတာ အဓိကရည်ရွယ်တာ ဖြစ်ပါ တယ်။ အဲဒီမှာမှ ဓာတ်ခွဲဆိုင်ရာမှာ အဓိကတာဝန်ယူရတဲ့ မြန်မာနိုင်ငံရဲ့ ဓာတ်ခွဲခန်းတာဝန်ခံ၊ ရောဂါရှာဖွေမှု တာဝန်ခံဖြစ်တဲ့ အတွက်ကြောင့် ရောဂါရှာဖွေရေး ရှုထောင့်ကနေပြီး ကိုဗစ်-၁၉ နဲ့ ပတ်သက်၍ ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလလောက်ကနေ စပြီးလုပ်ခဲ့ တဲ့   တစ်နှစ်တာကာလအတွင်းမှာ ဘာတွေ တွေ့ကြုံခဲ့သလဲ၊ ဘယ်လို အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့သလဲ၊   ဘယ်လိုအောင်မြင်မှုတွေ ရခဲ့သလဲ၊ ဘယ်လိုထိန်းချုပ်မှုတွေအောက်မှာ ဘယ်လိုမျိုး  အခက်အခဲတွေကို ကျော်လွှားပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်း ကာလတွေမှာ ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ဖို့ ဘယ်လိုမျိုး ရောဂါရှာဖွေရေး လုပ်ငန်းတွေကို ဘယ်လိုမျိုး တိုးချဲ့ သွားမလဲဆိုတဲ့ အပိုင်းကနေ ဆွေးနွေး တင်ပြပေးမှာ ဖြစ်ပါတယ်။

ကျွန်မတို့က ရောဂါရှာဖွေရေး လုပ်ငန်းနဲ့ပတ်သက်ပြီး ပြည်သူတွေကို တိုက်ရိုက်   ဝန်ဆောင်မှုပေးတဲ့ ဌာန ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြမယ့် သူတွေရှိတယ်။ ပြည်ပနိုင်ငံ သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် သင်္ဘောသားတွေရှိတယ်။ နိုင်ငံခြားကို ဆေးသွားကုမယ့်သူတွေ၊ ပညာတော် သင်သွားမယ့်သူတွေ အများကြီးရှိတယ်။ အဲဒီလိုမျိုးလူတွေ အားလုံးဟာ အမြဲတမ်းဒီလိုပဲ ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီးတော့မှ ပြည်ပနိုင်ငံတွေကို သွားရောက်ရမှာ၊ ပြည်တွင်း ခရီးသွားတွေ လုပ်ရမှာ၊ အစည်းအဝေးတွေ  တက်ရောက်ရမှာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ရောဂါရှာဖွေရေး လုပ်ငန်းသည် မရှိမဖြစ် လွန်စွာအရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက် ဓာတ်ခွဲ ခန်းတွေ မြန်မြန်တိုးချဲ့နိုင်ဖို့အတွက်၊ ဓာတ်ခွဲခန်းတွေမှာလိုအပ်တဲ့ စက်ကိရိ ယာပစ္စည်း ဝယ်ယူရေးတွေ ထောက်ပံ့ မှုတွေ မပြတ်လပ်စေဖို့အတွက်၊ နည်း ပညာတွေ အားလုံး မှန်ကန်ဖို့အတွက်၊ နောက်တစ်ခုက ဓာတ်ခွဲခန်းတွေများ လာတာနဲ့အမျှ ဓာတ်ခွဲခန်းတွေရဲ့ စံချိန်စံညွှန်း အရည်အသွေးကို ထိန်းချုပ်နိုင်ဖို့ အတွက်၊ ဒါတွေကို ဦးစားပေးပြီး  ၂၀၂၁ ခုနှစ်မှာ ဆက်လက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သုတေသန  သီးသန့်ရယ်လို့ မဟုတ်တောင် လုပ်ဆောင်ချက်တွေကနေ သုတေသန  ပုံစံကို ဖော်ဆောင် သွားမယ်။ သုတေသနလုပ်ဆောင်ရင်းကနေ တွေ့ရှိတဲ့ ကောင်းမွန်တဲ့ဟာကို လက်တွေ့အသုံးချမယ်။ နှစ်ဖက်စလုံးမှာ  အကျိုးရှိတဲ့လုပ်ငန်းတွေကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒေါက်တာမြတ်ထွဋ်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူး( သုတေသန) ဆေးသုတေသနဦးစီးဌာန

ဒီနေ့ညီလာခံမှာ မျိုးဗီဇ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတဲ့ အကြောင်း အရာတွေနဲ့ပတ်သက်လို့   ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  SARS-CoV-2 ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ ရောဂါ ဗိုင်းရပ်စ်ပိုးပေါ့။ ဗိုင်းရပ်စ်ပိုးသည် ဘယ်လိုမျိုးနည်းတွေနဲ့ မျိုးရိုးဗီဇတွေ ပြောင်းလဲတတ်တယ်။ ပြောင်းလဲခြင်း အားဖြင့်   ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ ဆေးသုတေသနဦးစီးဌာန အနေနဲ့ သုတေသနတွေဆောင်ရွက်နေ တယ်ဆိုတာ ပြောပြမှာဖြစ်ပါတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် သက်ရှိတွေအားလုံးသည် မျိုးဗီဇပြောင်းလဲမှု ဆိုတာ  ဖြစ်လေ့ဖြစ်ထ  ရှိပါတယ်။ လူသားအပါအဝင် အားလုံးသည် မျိုးဗီဇတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်။ မျိုးဗီဇပြောင်းလဲမှုတွေကြောင့် သက်ရှိတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေမှာလည်း ပြောင်းလဲသွားတာတွေရှိတယ်။ ရောဂါဖြစ်စေတဲ့ ရောဂါပိုးဗိုင်းရပ်စ်သည် ပိုပြီးတော့ ကျန်တဲ့ဟာတွေထက် တောင် မျိုးဗီဇ ပြောင်းလဲမှု ဖြစ်လွယ်ပါတယ်။ ဒါသဘာဝပါ။

 ကျန်တဲ့ ရောဂါပိုးတွေဖြစ်တဲ့ တုပ်ကွေးရောဂါ၊ အအေးမိရောဂါစတဲ့ ရောဂါပိုးတွေမှာလည်း ဒီလို မျိုးဗီဇ ပြောင်းလဲမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါ တယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ SARS-CoV-2 က ဘယ်လိုမျိုး ပြောင်းလဲသွား လဲဆိုတာ ဆေးသုတေသန ဦးစီးဌာနအနေနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကိုဗစ် ပထမလှိုင်းလို့    ပြောလို့ရတဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂ဝ ပြည့်နှစ်မှာ  အများကြီး ဖြစ်လာတယ်။ ၂၀၂ဝ ပြည့်နှစ် မတ်လကစပြီး ဆေးသုတေသန ဦးစီးဌာနအနေနဲ့ ဓာတ်ခွဲအတည်ပြု လူနာတွေထဲကနေရတဲ့ ဓာတ်ခွဲ အတည်ပြုသုတေသန နမူနာတွေ ယူပြီးတော့ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးမှုတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုပြောတဲ့ ယနေ့ အထိ ၆၃ ခုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ ဆောင်ရွက်ပြီးတဲ့ သုတေသန တွေ့ရှိချက်တွေအရ မြန်မာ နိုင်ငံမှာ လူတွေအများကြီး စိတ်ဝင်စားနေတဲ့ ယူကေနိုင်ငံက စတင်ပြီးဖြစ်တဲ့ မျိုးဗီဇပြောင်းလဲမှုတွေ၊ တောင်အာဖရိကကနေ တွေ့ရတဲ့ မျိုးဗီဇ ပြောင်းလဲမှုကြောင့် ပိုပြီးမြန်ဆန်စွာ ကူးစက်ပျံ့နှံ့နိုင်တဲ့ မျိုးဗီဇအမျိုးအစားတွေကို လက်ရှိကာလမှာ ယနေ့အထိ တွေ့ရှိရခြင်း မရှိသေးပါဘူး။

စဉ်ဆက်မပြတ်ဆောင်ရွက်နေ

မျိုးဗီဇပြောင်းလဲမှုသည် အချိန်နှင့်အမျှ အချိန်မရွေးပြောင်းသွားနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ အမျိုးအစား ပြောင်းနိုင်သလားဆို ပြောင်းနိုင်တယ်။ သူ့သဘောသဘာဝအရကိုက မျိုးဗီဇပြောင်းလဲမှုတွေဟာ အချိန်နဲ့အညီ ပြောင်းသွားနိုင်တယ်။ ပြောင်း သွားခြင်းကြောင့် ကောင်းတဲ့ပြောင်းသွားခြင်းတွေလည်း   ဖြစ်နိုင်တယ်။ ဆိုးတဲ့ ပြောင်းလဲခြင်းတွေလည်း ဖြစ်နိုင်တယ်။ ဆိုးတာပဲပြောင်းပြောင်း၊ ကောင်းတာပဲ ပြောင်းပြောင်း ဘာသိဖို့ လိုလဲဆိုတော့ ဒီပြောင်းလဲမှုတွေသည် ဘယ်လိုမျိုး ပြောင်းလဲနေပြီလဲ။ ဘယ်လောက်အထိ များများပြောင်းလဲ နေပြီလဲ။ ဒီပြောင်းလဲခြင်းတွေကြောင့် ဘယ်လိုဖြစ်လာပြီဆိုတာ စဉ်ဆက် မပြတ် စောင့်ကြည့်ဖို့လိုပါတယ်။ အဲဒီ လုပ်ငန်းတွေကို ဆေးသုတေသနဦးစီး ဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်က ဌာနတွေနဲ့ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်နေပါတယ်။

တွေ့ဆုံမေးမြန်း- မင်းသစ်(MNA)

ဓာတ်ပုံ-နေလင်း