Skip to main content

အထည်ချုပ်ကဏ္ဍအတွက် ကိုဗစ်-၁၉ အထောက်အပံ့အဖြစ် ဥရောပသမဂ္ဂ မြန်ကူ ထောက်ပံ့ကြေးငွေ အစီအစဉ်အပေါ် နှစ်ကုန်ပြန်လည်သုံးသပ်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းရေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၁၈

အထည်ချုပ်ကဏ္ဍအတွက် ကိုဗစ်-၁၉ အထောက်အပံ့အဖြစ် ဥရောပသမဂ္ဂ မြန်ကူ ထောက်ပံ့ကြေးငွေ အစီအစဉ်အပေါ် နှစ်ကုန်ပြန်လည်သုံးသပ်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်ဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ EU သံအမတ်ကြီး Mr. Ranieri Sabatucci ၊ UNOPS မှ ညွှန်ကြား ရေးမှူး Mr. Andrew Kirkwood ၊ CESD မှ ဒေါက်တာဇော်ဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်တို့ ပါဝင်တက် ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက EU အနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ယူရို ၅ သန်း မတည်၍ ရောဂါရိုက်ခတ်မှု အဆိုးဆုံးခံရသည့် CMP ကဏ္ဍမှ အလုပ်လက်မဲ့ဖြစ်သူများကို ငွေကြေးတိုက်ရိုက် ပံ့ပိုး ကူညီပေးမှုနှင့် ယခုအချိန်အထိ Myan Ku Fund မှ အထည်ချုပ်၊ အထည်အလိပ်နှင့် ဖိနပ်လုပ်ငန်းကဏ္ဍရှိ အလုပ်သမားစုစုပေါင်း ၆၀၀၀၀ ကျော်အား ထောက်ပံ့ငွေကျပ် ၄ ဘီလီယံ ကျော် ထောက်ပံ့ပေးခဲ့ သည်ဟု သိရှိရပြီး အဆိုပါ အစီအစဉ် အောင်မြင်အောင် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပန်းတိုင် (၇)ခုပါဝင်သော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (Overcoming as One: COVID – 19 Economic Relief Plan-CERP) ကို ရေးဆွဲချမှတ်၍ ဝန်ကြီးဌာန များနှင့် ပူးပေါင်းအကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ စီးပွားရေးပြန် လည် နလံထူရန်အတွက် ရေရှည်ဆောင်ရွက်ရမည့် Myanmar Economic Recovery and Reform Plan(MERRP)ကို ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကပ်ရောဂါကာလတွင် ရောဂါကာကွယ် တားဆီးရေး၊ ကုသရေးနှင့်အတူ အရေးပါသည့်လုပ်ငန်း တစ်ခုမှာ လူမှုကာကွယ်ပေးရေးဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများအတွက် လူမှုကာ ကွယ်ပေးရေးကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဝန်ကြီးဌာနမှ အသိပညာပေးခြင်း လုပ်ငန်းများအနေဖြင့် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း၊ အာမခံ အလုပ်သမားများ ကိုယ်အပူချိန်မြင့်တက်ခြင်း ရှိ/မရှိ စက်ရုံ၊အလုပ်ရုံများအလိုက် စစ်ဆေးဆောင်ရွက်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံ များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ ပြင်ဆင်ပြီး အမြန်ဆုံးပြန် လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးခြင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ပေး နေပါကြောင်း၊ တစ်ဖက်တွင်လည်း CERP မှာ ရန်ပုံငွေကျပ် ဘီလီယံ ၅၀ ထည့်ဝင် ခြင်း၊ ဥပဒေနှင့်အညီ လူမှုဖူလုံရေးစနစ် အောက်မှတစ်ဆင့် အာမခံအလုပ်သမားများအား ဆေးဝါး ကုသပေးခြင်းနှင့် မကျန်းမာမှု ဆေးသက်သေခံ လက်မှတ်ထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ Quarantine ဝင်ရသည့် အာမခံအလုပ်သမားများအား မကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင် အာမခံအလုပ်သမားများ အတွက် မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ First Wave နှင့် Second Wave များတွင် ယာယီပိတ်သိမ်းရသည့် အလုပ်ဌာနများရှိ လုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက် မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ အာမခံအလုပ်သမားစုစုပေါင်း ၁ ဒသမ ၅ သန်းကျော်ကို မြန်မာငွေကျပ် သန်းပေါင်း ၆၅၀၀၀ ကျော်ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်လျှော့ချနိုင်ရန်နှင့် တပြိုင်တည်းတွင် နိုင်ငံ၏စီးပွားရေး လုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရေးအတွက် ကြိုးပမ်းလုပ်ဆောင် လျက်ရှိရာ EU အနေဖြင့် ယခုအခါထပ်မံပြီး ယူရို(၅)သန်းကို အလုပ်အကိုင် မရှိသည့် အလုပ်သမားများအတွက် ရေရှည်အကျိုးရှိမည့် အစီအစဉ်များတွင် ကူညီပံ့ပိုးမည်ဖြစ်ကြောင်း သိရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် EU သံအမတ်ကြီး Mr. Ranieri Sabatucci က အမှာစကား ပြောကြားပြီး  UNOPS မှ ညွှန်ကြားရေးမှူး Mr. Andrew Kirkwood က မြန်ကူ အစီအစဉ်နှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဦးက ကိုဗစ်-၁၉ ကြောင့် မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ထိခိုက် နစ်နာမှုရှိသော အလုပ်သမားများနှင့် ပတ်သက်ပြီး သုတေသန လေ့လာမှုမှရရှိသည့် အဓိက တွေ့ရှိချက်များကို လည်းကောင်း၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမား ကိုယ်စားလှယ်များက ကိုဗစ်-၁၉ အကျပ်အတည်းနှင့် ပတ်သက်၍လည်းကောင်း သဘောထား အမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)