နေပြည်တော် ဇန်နဝါရီ ၁၈
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်သည့် သတင်းကြေညာချက်ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ စီမံကိန်းနောက်ခံအကျဉ်းချုပ်၊ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရေးအတွက် ချုပ်ဆိုခဲ့သည့် စာချုပ်များ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ကနဦးစီမံကိန်း ရင်းနှီးတည်ဆောက်ခွင့်ရရှိသူ ကုမ္ပဏီထံသို့ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်ရပ်ဆိုင်းကြောင်း အကြောင်းကြားစာပေးပို့မှုအား အများပြည်သူသိရှိစေရန် ကြေညာချက် ထုတ်ပြန် ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများက မေးမြန်း သည့် မေးခွန်းများကို ပြန်လည်ဖြေကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ဒေသခံများအတွက်သာမက နိုင်ငံတော်အတွက်ပါ အရေးပါသည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သော်လည်း ကနဦးရင်းနှီးတည်ဆောက် ခွင့်ရရှိသူ အီတာလျံ−ထိုင်းကုမ္ပဏီသည် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အကြိမ်ကြိမ် နှောင့်နှေး ကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေ အထောက်အထားများ တင်ပြရန် ပျက်ကွက်ခြင်း စသည့် အားနည်းချက်များကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် ကနဦးအဆင့် စီမံကိန်း(၉)ခုအတွက် ၂၀၁၅ ခုနှစ်တွင် အီတာလျံ−ထိုင်း ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ကနဦးစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် အားလုံးကို ရပ်ဆိုင်းကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် အီတာလျံ−ထိုင်း ကုမ္ပဏီသို့ ပေးပို့၍ စာချုပ်များကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)