Skip to main content

မြန်မာကြက်တောင်မယ် သက်ထားသူဇာ မတ်လတွင် ပြိုင်ပွဲများပြန်လည်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေ

ရန်ကုန် ဇန်နဝါရီ ၁၇

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာလရှည်ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာသည် မတ်လတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)က ကြီးမှူးကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လ ကတည်းက ပြိုင်ပွဲများယှဉ်ပြိုင် နိုင်ခြင်းမရှိရာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သည်။ သက်ထားသူဇာသည် တိုကျို အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသူ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် အိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်း ခဲ့သလို အိုလံပစ်ဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့သည်။

အိုလံပစ်ဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလကို ယခုနှစ် ဇန်နဝါရီလဆန်းတွင် စတင်နေပြီဖြစ်သော်လည်း သက်ထားသူဇာ အနေဖြင့် ကပ်ရောဂါအခြေအနေကြောင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

သက်ထားသူဇာသည် ယခုလအတွင်းကျင်းပသည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြန်လည်နုတ်ထွက် ခဲ့ရခြင်းဖြစ်သည်။ ကပ်ရောဂါမှာ ဆက်လက်ဖြစ်ပွား နေသော ကြောင့် BWF ပြိုင်ပွဲအချို့အား ရွှေ့ဆိုင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်နေသလို သက်ထားသူဇာသည် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ထိုင်းအိုးပင်းကြက်တောင် ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း ယှဉ်ပြိုင်ခွင့် ရရှိကြောင်း နောက်ကျမှသိရခြင်းနှင့် သွားလာရန်စီစဉ်ရာတွင် အခက်အခဲများ ရှိခဲ့သောကြောင့် ပြိုင်ပွဲနှစ်ခုစလုံးမှ ပြန်လည် နုတ်ထွက် ခဲ့ရခြင်းဖြစ်သည်။

သက်ထားသူဇာသည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖေဖော်ဝါရီလ ကုန်အထိ ပြိုင်ပွဲများယှဉ်ပြိုင် မည်မဟုတ်ဘဲ မတ်လတွင် ဥရောပနိုင်ငံများ၌ ကျင်းပမည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ သို့သော် ကပ်ရောဂါ အခြေအနေနှင့် ခရီးသွားလာနိုင်သည့် အနေအထားများအပေါ်တွင် မူတည်မည် ဖြစ် ကြောင်း သိရသည်။

သက်ထားသူဇာသည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံ၌ ကျင်းပမည့်ပြိုင်ပွဲများ အပါအဝင် ဥရောပနိုင်ငံအချို့၌ ကျင်းပမည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ် မတ်လကလည်း ဥရောပ နိုင်ငံများတွင်ကျင်းပမည့် ပြိုင်ပွဲများ၌ ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများ ဖျက်သိမ်း ခဲ့ရာ ဥရောပနိုင်ငံများသို့ရောက်ရှိပြီးမှ ပြန်လာ ရခြင်းဖြစ်သည်။

သတင်း- ရှိုင်းထက်ဇော်

ဓာတ်ပုံ- ဖိုးသော်ဇင်