Skip to main content

အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်

နေပြည်တော် ဇန်နဝါရီ ၁၇

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေ ရိကန်ပြည်ထောင်စုမှ ၆၄ ဦး၊ ပနားမားမှ ၁၀ ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ ၃၆ ဦး မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၀ လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Corona- virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင် ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အမေရိကန်ပြည်ထောင်စုရောက် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်လျက် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ် (၁၁)ကြိမ်တိုင် ပျံသန်းပြေးဆွဲ ပေးနိုင်ခဲ့ပြီးဖြစ်သည်။

သတင်းစဉ်