ရန်ကုန် ဇန်နဝါရီ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ KODDI ၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုတို့နှင့်အတူ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က မသန်စွမ်းသူများအတွက် ကိတ်နှင့် ကော်ဖီ သင်တန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းသင်တန်းများ အခွင့်အလမ်းများ ပိုမိုလက်လှမ်းမီရရှိရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း များနှင့် ဝင်ငွေပိုမိုရရှိကာ ဂုဏ်သိက္ခာ ရှိစွာဖြင့် ၎င်းတို့၏မိသားစုနှင့် လူ့အသိုင်းအဝိုင်းအား ပြန်လည်မျှဝေအကျိုးပြုရန် ရည်ရွယ်၍ သင်တန်းအားဖွင့်လှစ်ပို့ချ ခြင်းဖြစ်ပြီးသင်တန်း၌ စာတွေ့တစ်လနှင့် လက်တွေ့ နှစ်လ စုစုပေါင်းသုံးလကြာ သင်ကြားပို့ချ ပေးသွားမည် ဖြစ်သည်။ ရန်ကုန်မြို့တွင်း သင်တန်းသားများအတွက် နေ့စဉ် ခရီးစရိတ်များ ပံ့ပိုးပေးမည်ဖြစ်၍ အကြားအာရုံ မသန်စွမ်းသူများအတွက် သင်တန်းအတွင်း အဆင်ပြေစွာ သင်ကြား နိုင်ရန် လက်သင်္ကေတပြ ဘာသာစကားပြန် စီစဉ်ပေးမည်ဖြစ်ကြောင်း လည်း သိရသည်။
ကိုဗစ်ကာလဖြစ်ခြင်းကြောင့် သင်တန်းသား အရေအတွက် ကန့်သတ်ထားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ များသာ ဖြစ်ရမည် ဖြစ်၍ အသက်(၁၈)နှစ်အထက် မည်သည့် မသန်စွမ်းမှု အမျိုးအစားမဆို လျှောက်ထား နိုင်မည် ဖြစ်သည်။ လက်၏ လုပ်ငန်းဆောင်တာများ ကောင်းစွာအသုံးပြုနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားအ ရေအတွက် ကန့်သတ်ထား သောကြောင့် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး ကိုသာ ရွေးချယ်၍ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလ သုံးလပြီးမြောက်အောင် တက်ရောက် နိုင်ရမည်ဖြစ်သည်။ သင်တန်းပြီးမြောက် သွားပါက ယင်းလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊ ထူးချွန်စွာ အောင်မြင်သော သင်တန်းသားများအား ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)က ဟိုတယ်များ၊ မုန်နှင့်ကော်ဖီဆိုင်များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်များရှာဖွေ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ သင်တန်းအား စိတ်ဝင်စားသူများအနေဖြင့် သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံနှင့်အတူ တစ်ကိုယ် လုံးပေါ် ဓာတ်ပုံတစ်ပုံအားပူးတွဲ၍လမ်းမတော် မြို့နယ်ရှိ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)ရုံးချုပ်သို့ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
စိုးမြင့်အောင်