Skip to main content

ကိုဗစ်ကာလအလွန်တွင် လည်ပတ်နိုင်မည့် ဒလမြို့နှင့် တွံတေးမြို့တို့ရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ ဆယ်အိမ်တန်းကမ်းခြေ

ကိုဗစ်ကာလအလွန် ခရီးသွားလည်ပတ်နိုင်သည့် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသော ဒလမြို့နယ်၌ အထင်ကရနေရာများ၊ ခေတ်မီပြောင်းလဲတိုးတက်လာမည့် မြို့ပြ အခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝ ပုံစံများကို လည်ပတ်လေ့လာနိုင်သလို၊ တွံတေးမြို့ရှိ သမိုင်းဝင် အဆောက်အအုံများ၊ ရှေးဟောင်းစဉ့်ဖိုများ၊ ကျုံး၊ နန်းတော်ကုန်း နေရာနှင့် အထင်ကရနေရာများ၊ အိုး လုပ်ငန်း၊ ဝါးဖြင့်ပြုလုပ်သည့် ဆန်ကော၊ ဆန်ခါလုပ်ငန်း များကို လေ့လာနိုင်ပေသည်။ ထို့အတူ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စုရှိ သဘာဝအလျောက် ဖြစ်တည် နေသော ဆယ်အိမ်တန်းကျေးရွာနှင့် အလယ်ရွာကျေးရွာကြားရှိ ဆယ်အိမ်တန်းပင်လယ်ကမ်းခြေတို့သို့ လာရောက် အပန်းဖြေနိုင် ပေသည်။

ရန်ကုန်မြို့ မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့ လူထုအခြေပြုခရီးသွားလုပ်ငန်း

ဒလမြို့နယ်သည် ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ နေ့စဉ်နှင့်အမျှ ဝင်ရောက်လည်ပတ် လျက်ရှိသော နယ်မြို့လေးတစ်မြို့ ဖြစ်သည်။ ထို့အတူ အနယ်နယ်အရပ်ရပ်က ခရီးသွား ပြည်သူများအနေဖြင့် ရန်ကုန် မြို့သို့ ဒလမြို့နယ်မှတစ်ဆင့် သွားလာကြရာတွင် ရန်ကုန်မြစ်တွင်း ချယ်ရီသင်္ဘော များဖြင့် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘော ဆိပ်ကမ်း၌ လူးလာခေါက်တုန့် ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခု ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီအချိန်ကာလက အဆိုပါ ဆိပ်ကမ်းတွင် ခရီးသည်ပြည်သူ ၃၀၀၀၀ ကျော်ခန့် ကူးသန်း သွားလာ လျက်ရှိသလို ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များဖြစ်သည့် ဥရောပနိုင်ငံသားများ အများဆုံး ဒလမြို့နယ် အတွင်းသို့ ဝင်ရောက်လည်ပတ်ကြသည်။ ခရီးသွားဧည့်သည်အများစုမှာ အနှေးယာဉ် ဆိုက်ကားများစီး၍ ပုသိမ်ထီးများ ဆောင်းကာ မြို့နယ်အတွင်း လှည့်လည်မှုကြောင့် ခရီးသွားများ နှစ်ခြိုက်စေသော ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း တစ်ခုပင် ဖြစ်သလို နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လည်ပတ်မှုကြောင့် ဒလမြို့ရှိ ဒေသခံ အနှေးယာဉ် လုပ်သား ကြီးများ၏ မိသားစုဘဝများ အဆင်ပြေလျက်ရှိသည်။

ခရီးစဉ်တစ်လျှောက်တွင် ဒလမြို့နယ်၏ အထင်ကရ ဖြစ်သော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေစာရံ စေတီ တော် မြတ်ကြီး၊ ရဟန္တာဦးပညာစံကျောင်း၊ ဒေသခံ ပြည်သူများ၏ လူနေထိုင်မှုဘဝပုံစံများ၊ ဝါးဓနိများဖြင့် ဆောက် ထားသော တံငါသည် အိမ်လေးများ၊ လယ်ယာ မြေရှုခင်း၊ ဈေးများ၊ Recycle ပလတ်စတစ်လုပ်ငန်း၊ တစ်ပိုင် တစ်နိုင် စီးပွားဖြစ် ဖယောင်းတိုင် လုပ်ငန်း၊ ကော်ပြန့်လိပ်လုပ်ငန်းများကို လေ့လာနိုင်ရန် အနှေးယာဉ် ဆိုက်ကားများဖြင့် လှည့်လည် ပြီး ခရီးသွားဝန်ဆောင်မှုပေး နိုင်သော လုပ်ငန်းများစွာရှိခြင်းကြောင့်ပင် ဖြစ်သည်။

သြဂုတ် ၈ ရက်က ဒလမြို့နယ်၌ ကျင်းပသည့် COVID-19 Relief Package(1) ခရီးသွားလုပ်ငန်း (အခြေခံ)သင်တန်းတွင် ဒလ မြို့နယ်ရှိ ဒေသခံအနှေးယာဉ်လုပ်သား ၁၆ ဦးနဲ့ ဈေးသည် လေးဦး စုစုပေါင်းသင်တန်းသား ၂၀ တက်ရောက်ခဲ့ပြီး ခရီးသွားအခြေခံလုပ်ငန်းများနှင့် ပတ်သက်၍ ဘာသာစကားများ၊ ဧည့်ဝန်ဆောင်မှုများနှင့် စည်းမျဉ်းစည်းကမ်းများကို သင်ကြားပို့ချပေးမှု ကြောင့် ဒေသခံအနှေးယာဉ်လုပ်သားများ အကျိုးရှိစွာဖြင့် သင်ကြားတတ်မြောက်ခဲ့ကြသည်။

ရှေးဟောင်းအမွေအနှစ်များစွာနှင့် အိုးလုပ်ငန်း၊ ဝါးလုပ်ငန်းများကို တွံတေးမြို့၌ လည်ပတ် လေ့လာနိုင်

ဒလမြို့နယ်နှင့် တစ်ဆက်တည်းရှိသော တွံတေးမြို့နယ်တွင် လူထုအခြေပြု ခရီးသွားခရီးစဉ် သစ်တစ်ခုကို ဖော်ဆောင် ထားခဲ့ပြီးဖြစ်သည်။ လူထုအခြေပြုခရီးသွား ခရီးစဉ်သစ်ဖြစ်သော တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာ အုပ်စု (အလယ်ပိုင်း) တွင် တစ်နိုင်တစ်ပိုင် အသက်မွေး ဝမ်းကျောင်းပြုလုပ်ကြသည့် လက်မှုလုပ်ငန်းများအနေဖြင့် ဝါးဖြင့် တောင်း၊ ဆန်ကော၊ ဆန်ခါပြုလုပ်ခြင်း၊ အိုးဘို အနောက်ရပ်ကွက်ရှိ အိုးရုံများတွင် အိုးများပြုလုပ်သည့် ရိုးရာယဉ်ကျေးမှု လက်မှု လုပ်ငန်းများကို ကြည့်ရှုနိုင်ပေ သည်။ ထို့အတူ တွံတေးတောကြီးတန်း ရန်ကုန်ပါဒကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ ကျောက်ဖျာစမ်းရှိ ဦးကြာကန်+ဒေါ်ညွန့်ရီ ခြံအတွင်း၌ ရှေးဟောင်းစဉ့်ဖို အမှတ်(၁) နှင့်စဉ့်ဖိုအမှတ်(၂)ဟူ၍ အမြွှာညီနောင်ဖို နှစ်ဖိုနှင့် ဘုရားကြီးကျေးရွာ၌ စဉ့်ဖိုတစ်ဖို စုစုပေါင်းသုံးခုတို့ကို ရှာဖွေ တူးဖော်တွေ့ရှိခဲ့ရာ အေဒီ ၁၅ ရာစုခန့်က ရှေးဟောင်း စဉ့်ဖိုများအဖြစ် မှတ်တမ်းတင်ထိန်းသိမ်းစောင့်ရှောက် ထားမှုကို လေ့လာနိုင်သလို ရွှေဆံတော်ရပ်ကွက်ရှိ ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ရှေးဟောင်း သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီး၊ အနော်ရထာ မင်းကြီး တည်ထားကိုးကွယ်ခဲ့သော စမ်းရွာရှိ ရှေးဟောင်း မောင်းတီး စေတီတော် တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ပေသည်။ ဆက်လက်၍ ရှေးဟောင်းမြို့ရိုး၊ မြို့ဟောင်း၊ ကျုံးနေရာ စသည့်နေရာများသို့ လည်ပတ်လေ့လာ နိုင်ပေသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့နယ် စမ်းရွာရှိ ရှေးဟောင်း မောင်းတီး စေတီတော်၊ ရွှေဆံတော်ရပ်ကွက်ရှိ ဆံတော်ရှင် ဆုတောင်းပြည့် ရွှေဆံတော်စေတီတော်မြတ်ကြီးတို့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် ထုတ်ပြန်သတ်မှတ်ခဲ့ပြီး ပညာရှင်များ၊ သုတေသီများ၊ လေ့လာသူများနှင့် ခရီးသွားဧည့်သည်များ လေ့လာမှု များပြားခဲ့သည်။

လူသိများစည်းကားလာခဲ့သော ကွမ်းခြံကုန်းမြို့နယ်ရှိ ဆယ်အိမ်တန်းကမ်းခြေ

ဒလမြို့နယ် နှင့် ၃၈ မိုင် ဝေးသည့် ဒလ-ဓနုတ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပိုင်းတွင် ရှိသော ပင်လယ်ကမ်းစပ်နှင့် ထိစပ်လျက်ရှိသည့် ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာ အုပ်စု ဆယ်အိမ်တန်းကျေးရွာနှင့် အလယ်ရွာကြားရှိ ပင်လယ်ကမ်းခြေမှာ ၂၀၁၆ ခုနှစ်တွင် စတင်ပြီး အပန်းဖြေသူများ လာရောက်မှုကြောင့် လူသိများလာကာ စည်ကားလာ ခဲ့သည်။

ကညင်ကုန်းကျေးရွာအုပ်စု ဒေသခံပြည်သူ ကိုတင်လင်းအောင်က “ဆယ်အိမ်တန်းကမ်းခြေရဲ့ အနေ အထားက ရေတက်၊ ရေကျချိန်မှာတောင် ကမ်းကနေ ကိုက် ၂၀၀ ကျော်လောက် သွားလို့ရတယ်။ အသက်အန္တရာယ် မရှိဘူး၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလ မှာတော့ မဖွင့်ပေးသေးဘူး ပိတ်ထားပါတယ်။ ရောဂါ အခြေအနေတည်ငြိမ်သွားတဲ့အခါကျမှ ပြန်လည်ပြီး ဖွင့်လို့ရမှာပါ။ ဆယ်အိမ်တန်းကျေးရွာမှာ ဟိုတယ်တစ်ခု နှင့် အလယ်ရွာမှာ ဟိုတယ်တစ်ခု စုစုပေါင်းနှစ်ခု ဆောက်လုပ် ထားပါတယ်” ဟု ပြောသည်။

ကညင်ကုန်းကျေးရွာ အုပ်စုအတွင်း၌ ကညင်ကုန်း၊ ကျောင်းကုန်း၊ ညောင်နီကုန်း၊ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ အောက်ဆိပ်ချောင်းဝကျေးရွာ စသည့်ကျေးရွာပေါင်း ခြောက်ရွာ ရှိပြီး အိမ်ခြေပေါင်း ၁၅၀၆ အိမ်၊ အိမ်ထောင်စု ပေါင်း ၁၁၈၄ စု နေထိုင်လျက်ရှိကြောင်း၊ ဒေသခံပြည်သူ အများစုသည် ပင်လယ်ပြင်အတွင်း ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်း ပြုသူအများစုဖြစ်ပြီး လယ်ယာ လုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာရှိကြောင်း သိရသည်။

ဆယ်အိမ်တန်းကမ်းခြေမှာ အလျား ၂၇၃၉ ပေ၊ ရေကျချိန်တွင် အနံပေ ၂၅၀ ကျော် ၃၀၀ နီးပါးခန့်ရှိကြောင်း၊ ကမ်းခြေတစ်လျှောက်တွင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ထားရှိပြီး ပင်လယ်စာ အစားအစာများဖြစ်သော ငါးသလောက် အိုးမှောက်၊ ဂဏန်းချဉ်စပ်၊ ပုဇွန်ချဉ်စပ် စသည့်အစားအသောက်မျိုးစုံ ရောင်းချနိုင်မှုကြောင့် ကမ်းခြေ တစ်လျှောက်ရှိ ဒေသခံပြည်သူများ ၏ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းနှင့် တစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်စေသလို မိသားစု စားဝတ်နေရေးအတွက် ပိုမို၍ အဆင်ပြေလာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူ အများစုသည် အချိန်ကုန်၊ ငွေကုန်ကြေးကျ များစွာဖြင့် ချောင်းသာ၊ ငွေဆောင်၊ ငပလီ စသည့် ပင်လယ်ကမ်းခြေများ သို့ ခြေဦးမလှည့်ကြဘဲ စနေ၊ တနင်္ဂနွေနေ့များနှင့် အများ ပြည်သူ အားလပ်ရက်ရှည်ကာလများတွင် မိသားစုအလိုက်၊ သူငယ်ချင်းအပေါင်းအသင်းများဖြင့် ရန်ကုန်မြို့နှင့် အနီးဆုံး ဖြစ်သည့် ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေသို့ ကိုဗစ်ကာလအလွန်၌ လာရောက်အပန်းဖြေ လည်ပတ်နိုင်ကြောင်း ဖိတ်ခေါ် လိုက်ပါသည်။

ကိုဗစ်-၁၉ ရောဂါကာလအလွန် ဆယ်အိမ်တန်း ကမ်းခြေသို့ မော်တော်ကားများ၊ အငှားယာဉ်များ၊ သုံးဘီး ဆိုင်ကယ်များ၊ ဆိုက်ကယ်များဖြင့် လာရောက်လည်ပတ် နိုင်သည်။ မိုင်အားဖြင့် ဒလမြို့နယ်မှ ၃၈ မိုင်၊ ကော့မှူးမြို့နယ်မှ ၂၇ မိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ ၂၃ မိုင် ခြောက်ဖာလုံရှိပြီး ဒလမြို့နယ်မှတစ်ဆင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် မောင်းနှင် ချိန် ၂ နာရီနီးပါးခန့် ကြာမြင့်မည်ဖြစ်သည်။ ထို့အတူ လှိုင်သာယာတံတားမှ တစ်ဆင့် သွားရောက် လည်ပတ်လိုပါက ကော့မှူးမြို့နယ် လမ်းဆုံမှ ဝါးဘလောက်သောက်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းကြောင်းအတိုင်း သွားရောက် လည်ပတ် နိုင်ပေသည်။

သတင်းဆောင်းပါး-နိုင်လင်းကျော်