အမှားအမှန်ကို ခွဲခြားမသိသူ သို့မဟုတ် ကောင်းမှု မကောင်းမှုကို ကွဲကွဲပြားပြား မသိသူကို အသိဉာဏ်ပညာမဲ့သူဟု ဆို၏။
မည်သည်ကမှန်၏၊ မည်သည်က မှား၏ကိုလည်းမသိ။ မည်သည်က ကောင်းမှုဖြစ်၏။ မည်သည်က မကောင်းမှုဖြစ်၏ကို လည်းမသိ။ ထိုသူတို့သည် အမှန်အမှားကို ခွဲခြား သိမြင်နိုင်စွမ်း လည်းမရှိ။ အမှန်အမှားကို ခွဲခြားသိမြင်ချင်စိတ်လည်းမရှိ။ ထို့ကြောင့် မည်သည်က မှန်သည်။ မည်သည်က မှားသည်ဆိုခြင်းကို ခွဲခြမ်းစိတ်ဖြာ စူးစမ်းလို စိတ်လည်း မရှိ။ သိနားလည်သူတို့က ရှင်းလင်းခွဲခြားပြသည်ကိုလည်း နာယူလိုစိတ်မရှိ။
ကောင်းမှု မကောင်းမှုနှင့် အမှန်အမှားကို ခွဲခြားမသိသည့်အတွက် ထိုလူမိုက်တို့သည် မိမိကိုယ်ကိုယ်လည်း ဖျက်ဆီး၏။ အခြားသူတို့ကိုလည်း ပျက်စီးဆုံးရှုံးစေတတ်၏။ လောကရှိ မကောင်းကျိုးတို့သည် လည်းကောင်း၊ ထိခိုက်နစ်နာမှုတို့သည် လည်းကောင်း၊ ဘေးဥပဒ် တို့သည် လည်းကောင်း လူမိုက်တို့ကြောင့်သာ ဖြစ်လေ့ရှိ၏။ ယင်းသို့ဖြင့် မကောင်းမှု ဒုစရိုက်တို့သည် သံသရာထိတိုင် အကျိုးဆက် ဖြစ်စေတတ် လေသည်။
မသိခြင်းနွံတွင် နစ်နေသည်ဖြစ်ရကား အတွေးအယူသည် လည်းကောင်း၊ အလုပ်အကိုင် အပြုအမူသည် လည်းကောင်း၊ အပြောအဆို တို့သည်လည်းကောင်း မကောင်းမှုဂယက်ဝဲတွင်သာ တလည်လည် ဖြစ်နေတော့သည်။
ထိုသူတို့သည် မိမိအကျိုးစီးပွားငှာ အများပြည်သူတို့အား လိမ်လည်လှည့်ဖြားခြင်းကိုလည်း ပြု၏။ နာကျင်အောင်ပြုရန် လည်းဝန်မလေး။ နူးညံ့သိမ်မွေ့ ခြင်းမရှိ။ ကြမ်းတမ်းရိုင်းပျသော အပြောအဆို အပြုအမူတို့ဖြင့်သာ မွေ့လျော်နေတော့သည်။
ထိုသူတို့၏ စိတ်သန္တန်တွင် အမျက်မာန်၊ ရန်လိုခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ အာဃာတအမုန်းတို့ဖြင့် ပြည့်နေလေ့ရှိ၏။ မထီမဲ့မြင်ပြုခြင်းနှင့် သူတစ်ပါး၏ ကိုယ်စိတ်နှစ်ပါးကို ထိပါးနစ်နာစေလို သည့်စိတ်က ညစ်နွမ်းစွာ ဦးဆောင်နေတော့သည်။ လောကသည် လည်းကောင်း၊ ပတ်သက် နီးစပ်နေရသည့် လူမှုအဖွဲ့အစည်းတို့သည် လည်းကောင်း ထိုသို့သော လူမိုက်တို့ကြောင့် ညှိုးလျော် ဆုတ်ယုတ် နေရလေသည်။
လောကီ လောကုတ် နှစ်ဖြာအတွက် အဆိုးအပြစ်တို့ကိုသာ ပေးနိုင်သည့် အသိဉာဏ်နုံနဲ့ခြင်း၊ အမှန်အမှားကို ခွဲခြားမသိမြင် ခြင်းတို့ကို ကုသနိုင်သည်ကား ပညာသာ ဖြစ်ပါသည်။ ပညာသည် လောက၏ ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးပြစ်ကိုဖြစ်စေမီးမောင်းထိုး အလင်းပြပေးနိုင်၏။ ပညာအလင်းဖြင့်သာ အမှန်အမှားကို ခွဲခြားသိမြင်နိုင်ကြမည်ဖြစ်လေရာ လောကကို ပညာဝန်းကျင် ကြီးမားအောင် ဝိုင်းဝန်းဖန်တီးခြင်းဖြင့် ကုစားကြရမည် ဖြစ်ပါသည်။
ပညာဝန်းကျင် ကျယ်ပြန့်လာသည်နှင့်အမျှ လူတို့သည် ခွဲခြားသိမြင်နိုင်စွမ်း မြင့်မားလာပါမည်။ ထိုသိမြင်နိုင်စွမ်းက အမှန်အမှားကို လည်းကောင်း၊ ကောင်းမှုမကောင်းမှုကို လည်းကောင်း ခွဲခြားလာနိုင်ပါမည်။ ထိုသိမြင်နိုင်စွမ်းဟူသည့် အသိဉာဏ် ပညာကပင် မကောင်းမှု ပြုရမည်ကို ရှက်တတ်လာအောင်၊ မကောင်းမှုပြုရမည်ကို ကြောက်တတ်လာအောင် ချွန်းအုပ်ပေး မည်တည်း။
ပညာဝန်းကျင် ကျယ်ပြန့်လာအောင်၊ ပညာထီးရိပ် ပြန့်ကားလာအောင် လွှမ်းခြုံမိုးကာ ပေးနိုင်သည့် အရာများတွင် စာအုပ်များ ပါဝင်၏။ စာအုပ်များ၊ စာကြည့်တိုက်များကို ထွန်းကားကြီးမားအောင် ဖန်တီးပေးပြီး လူတို့ကို စာပေမွေ့လျော်အောင်၊ စာဖတ်သူ များဖြစ်အောင် စည်းရုံးဆွဲဆောင်နိုင်သည်နှင့်အမျှ လူတို့၏ အသိဉာဏ်ပညာမျက်ဝန်းကို ထိုးထွင်းကြည်လင် မြင်လာစေမည် ဖြစ်ပါသည်။ အထူးသဖြင့် သည်ကား ကလေးသူငယ်များကို စာပေ မွေ့လျော်အောင် ဖန်တီးပေးခြင်းဖြစ်ပါသည်။ ကလေးစာကြည့် တိုက်များသည် အနာဂတ်အတွက် အရေးပါဆုံးသော ပညာဝန်းကျင်များ ဖြစ်လာပါမည်။
နည်းပညာများ ထွန်းကားလာသည့် ခေတ်ကာလနှင့် ကိုက်ညီသည့် ဒစ်ဂျစ်တယ် ကလေး စာအုပ်များ၊ ဒစ်ဂျစ်တယ် ကလေးစာကြည့် တိုက်များကို ပြင်ဆင်ထူထောင်ရန်၊ အားပေး ချဲ့ထွင်ရန်လည်း လိုအပ်နေပြီဟု ယူဆပါသည်။
အသိဉာဏ်ပညာ မြင့်မားခြင်းဖြင့်သာ လောကကောင်းကျိုးကို ဆောင်နိုင်ကြမည်၊ လောက၏ စစ်မှန်သော ငြိမ်းချမ်းသာယာမှုကို ဖန်တီးခံစား နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။