အုတ်တွင်း ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း ၅၀၀ လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၁နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းကအဖွင့်အမှာ စကားပြောကြားပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင် ရန်အတွက် အုတ်တွင်းမြို့နယ် ကြယ်နီဆေးပေါ့လိပ်မိသားစု ဦးခင်မောင်ဝင်းဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းနွဲ့တို့မှ အလှူငွေ ကျပ်သိန်း(၅၀၀) ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းမှအလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ရာ အလှူရှင်များမှ လက်ခံရယူခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အုတ်တွင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမှကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မာ(ပြန်/ဆက်)