Skip to main content

ရွှေဘိုမြို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၊ မြို့နယ်ဆေးပဒေသာပင် ဖောင်ဒေးရှင်း အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တက်ရောက်

ရွှေဘို ဇန်နဝါရီ ၁၆

ရွှေဘိုမြို့ ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ မြို့နယ်ဆေး ပဒေသာပင်ဖောင်ဒေးရှင်း အလှုငွေ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က  ရွှေဘိုမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တက်ရောက် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ  ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုအောင်က  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  မြို့နယ်ဆေးပဒေသာပင်ဖောင်ဒေးရှင်း ဖြစ်ပေါ်လာခြင်းနှင့် အတူ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ကိုဗစ်-၁၉ ရောဂါကာလ အတွင်းနိုင်ငံတော်အစိုးရ၏ပံ့ပိုးကူညီမှု၊ သက်ဆိုင်ရာ ဌာနများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကာကွယ်ကုသရေး လုပ်ငန်းများဆောက်ရွက်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဆေးပဒေသာပင် ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး အတွက် ပါဝင်လှူဒါန်းပေးကြပါသော စေတနာရှင်အလှူရှင်များနှင့် တက်ရောက်ချီးမြှင့်ပေး ပါသောဝန်ကြီးချုပ်နှင့် ဧည့်သည်များအား ကျေးဇူးတင်စကားပြောကြားခဲ့ ပါသည်။

ထို့နောက် အလှူရှင် ရွှေဘိုမြို့ ရွှေနဂါး ရှောပင်းစင်တာမိသားစု၊သီဟသုဓမ္မသိဂီ ဒေါ်လတ်မျိုးစော က လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀၀ ၊ ရွှေဘိုမြို့ ရုပ်ပျိုကုမ္ပဏီလီမီတက် မိသားစု၊ သုဓမ္မသိဂီ ဒေါ်တင်နုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀၀ အပါအဝင် စေတနာရှင် အလှူရှင်အသီးသီးတို့က လှုဒါန်းသော အလှုငွေများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဇနီးဒေါ်တင့်တင့်(ခ) ဒေါ်ခြူးခြူး ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့်တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပြီးနောက် အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့ကြပါသည်။

ထို့နောက် အလှူရှင်များကိုယ်စားရွှေဘိုမြို့ ရွှေနဂါး ရှောပင်းစင်တာမိသားစု၊ သီဟသုဓမ္မသိဂီ ဒေါ်လတ်မျိုးစော က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး အတွက် ပါဝင်လှူဒါန်းခွင့် ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကိုဗစ်ရောဂါကြီးမှ ကင်းလွတ်ကြပါစေ ကြောင်း ဆုတောင်းစကားပြောကြားခဲ့ပါသည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့်ဇနီးတို့က တက်ရောက်လာကြသည့်  အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး ပါဝင်ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့ကျင်းပသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီ၊ မြို့နယ်ဆေးပဒေသာပင် ဖောင်ဒေးရှင်း အလှုငွေပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၁၆၆၇ သိန်းဖြစ်ပြီး ယနေ့အထိ ရွှေဘို့မြို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး၊ မြို့နယ်ဆေးပဒေသာပင်ဖောင်ဒေးရှင်း အလှုငွေစုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၁၈၀၂ သိန်း ၂  ထောင်ကျပ် ရှိပြီဖြစ်ကြောင်း၊အလှူငွေများကို ရွှေဘိုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် ဆေးပဒေသာပင် ဖောင်ဒေးရှင်း မြို့နယ်အဆင့်လုပ်ငန်း ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားမည် ဖြစ်ကြောင်းသိရသည်။

မြင့်နိုင်စိုး ( ပြန်/ဆက်)