Skip to main content

ကိုဗစ် - ၁၉ကာကွယ်ဆေး ဝယ်ယူရရှိရေးအတွက် လှူဒါန်းကြသည့် ငွေကျပ်သိန်းပေါင်း ရှစ်ထောင့်ကိုးရာ ငါးသိန်းကျော်ကို မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနသို့ လွှဲပြောင်းလှူဒါန်း

မန္တလေး  ဇန်နဝါရီ   ၁၆

နိုင်ငံတော်မှ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာအလှူရှင် ၂၉ဦးတို့က လှူဒါန်းခဲ့သည့် ငွေကျပ်သိန်းပေါင်း ရှစ်ထောင့်ကိုးရာငါးသိန်း တစ်သောင်းနှင့်နှစ်ထောင့်ငါးရာကျပ် (၈၉၀၅၁၂၅၀၀ကျပ်) ကို မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးမှူးထံသို့ ယမန်နေ့နံနက် ၉နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ပြုလုပ်သည့် အလှူငွေများ ပေးအပ်သည့်အစီစဉ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လွှဲပြောင်း ပေးအပ်ခဲ့သည်။

" အဓိကပြောချင်တာကတော့ ကျေးဇူးတင်စကားပါ၊ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းအားလုံးဟာ ကိုဗစ် - ၁၉ရောဂါကို ကျော်လွှားနိုင်ဖို့ အားလုံးကြိုးစား နေကြတာဖြစ်ပါတယ်၊ ချမ်းသာတဲ့နိုင်ငံတွေကတော့ သူတို့ပြည်သူတွေအတွက် အကာအကွယ်ရအောင် ကာကွယ် ဆေးကို နိုင်ငံတော်အစိုးရကပဲ ထောက်ပံ့ပေးပြီး ထိုးပေးနေကြတာပါ၊ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အတတ်နိုင်ဆုံးထိုးပေးဖို့ဆိုရင်တောင် အဲဒီကာကွယ်ဆေး သယ်ယူစရိတ်၊ သိုလှောင်ထားရှိဖို့ အခြေအနေတွေက အစ အခက်အခဲရှိတဲ့ အတွက် အစိုးရက လုပ်မယ်ဆိုရင် ကုန်ကျမယ့်ငွေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ဆိုရင် ကြာမှာပါ၊ အလှူရှင် နိုင်ငံတွေထဲမှာ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေက နိုင်ငံသားကောင်းပီပီနဲ့ နိုင်ငံအကျိုးအတွက် အခြားလူတွေအတွက်ပါ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးတွေကို လှူဒါန်းနေကြတာဟာ အလွန်ကောင်းတဲ့ အစဉ်အလာတစ်ခုဖြစ်သလို ဒီအစဉ်အလာဟာ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံသူနိုင်ငံသားတွေ ရှိနေသရွေ့ ဒီလုပ်ငန်းစဉ်တွေ ကလည်း ရှိနေဦးမှာပါ။ " ဟု အလှူငွေများပေးအပ်သည့် အစီစဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ယင်းလွှဲပြောင်းပေးအပ်သည့် အလှူငွေများသည် နိုင်ငံတော်ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ဝယ်ယူရာတွင် အသုံးပြုရန် စေတနာရှင် ၂၃ ဦးက လှူဒါန်းသည့် အလှူငွေစုစုပေါင်း ငွေကျပ် ၇၃၉၀၁၂၅၀၀ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့က အလှူရှင် ၆ဦးတို့ လှူဒါန်းခဲ့သည့် အလှူငွေ စုစုပေါင်း ငွေကျပ် ၁၅၁၅၀၀၀၀၀ ဖြစ်ကြောင်း သိရပြီး အဆိုပါ လှူဒါန်းသည့် အလှူငွေများကို ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဖွဲ့စည်းထားသည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

" ကိုဗစ် - ၁၉ကာကွယ်ဆေးတွေ ဝယ်ယူရရှိနိုင်ဖို့ ကိုဗစ်-၁၉ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဖွဲ့စည်းထား ပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ( COVID – 19 Vaccination Fund)ကိုလည်း ဖွင့်လှစ်ထား တယ်၊ လှူဒါန်းမှုတွေကိုလည်း လက်ခံပေးနေပါတယ်၊ ကာကွယ်ဆေးမှာယူဖို့၊ ထိုးနှံဖို့အတွက် စီစဉ်နေသလို ထိုနည်းသရုပ်ပြ လုပ်ငန်းစဉ်တစ်ခုကိုတောင် လေ့ကျင့်ပြီးသွားပါပြီ။

မန္တလေးတိုင်းဒေသကြီးက COVID – 19 Vaccin မှာ တစ်တပ်တစ်အားပါပဲ၊ လှူဒါန်းတဲ့ အလှူရှင်တွေကလည်း နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အားတက်သရော စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ ပါဝင်လှူဒါန်းကြတဲ့ အခမ်းအနားတစ်ခုဖြစ်သလို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေး တာပါ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကမကထလုပ်ပြီး အကျိုးဆောင်ပေး တာပါ၊ ဒီနေ့အခမ်းအနားမှာ ရှိနေတဲ့ အလှူရှင်တွေရော ပြင်ပအလှူရှင်တွေအတွက်ပါ မန္တလေးတိုင်းဒေသကြီး ပြည်သူလူထု ကိုယ်စား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။ " ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ဆက်လက်ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) စာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ်သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားကြောင်း၊ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ပြည်ပမှ ပါဝင် လှူဒါန်း လိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည် တော်)ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 6000 12)သို့ မည်သည့် နိုင်ငံခြားငွေအမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်း နိုင်ကြောင်းနှင့် ကိုဗစ်-၁၉  ကာ ကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)သို့ မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဖုန်း ၀၆၇ ၃၄၁၀၁၅၆၊  ငွေတိုက်ဦးစီးဌာန ဖုန်း ၀၆၇ ၃၄၁၀၁၅၈ သို့ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း အသိပေးကြေညာချက်များအရသိရသည်။

ထိပ်ထားနိုင်