ပဲခူး ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး သာသနာရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီသည် ဘာသာပေါင်းစုံ၏ ဘာသာရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကြီးကြပ်ညှိနှိုင်း ဆောင်ရွက်ပေးရသည့် ကော်မတီတစ်ခု ဖြစ်ကြောင်း၊ စေတီပုထိုးများ၊ ထိန်းသိမ်းစောင့်ရှောက်နေသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၏ ဝင်ငွေ/ထွက်ငွေများအား သက်ဆိုင်ရာစာရင်းစစ်အဖွဲ့များဖြင့် စစ်ဆေးခြင်းကိုလည်း ကြီးကြပ် ဆောင်ရွက် ပေးရကြောင်း၊ ဘာသာ၊ ဒေသ၊ လူမျိုး မတူသော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် နိုင်ရေးအတွက် မိမိတို့ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးနှင့် ဥပဒေချုပ် ဦးအုန်းမြင့်တို့က သာသနာတော် သန့်ရှင်းတည်တံ့ခိုင်မြဲရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလာသည့် သာသနာရေးဆိုင်ရာ အမှုတွဲ များအား ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ နှင့် ပဲခူးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က တင်ပြဆွေးနွေးခဲ့ရာ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်းက ထပ်မံဖြည့်စွက် ရှင်းလင်း ခဲ့ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တင်ပြလာသည့် အမှုတွဲများအပေါ် ကော်မတီဝင်များ၏ သဘောတူ ညီချက်ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)