နေပြည်တော် ဇန်နဝါရီ ၁၅
အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက်၊ လမ်းညွှန်ချက်များနှင့် စိုက်ပျိုးရေးစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက် စတုတ္ထမူကြမ်း များ အပေါ် ထပ်မံဖြည့်စွက် အတည်ပြုနိုင်ရေး ဆွေးနွေးပွဲကို ယမန် နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများက Zoom Application အသုံးပြု၍ တက်ရောက်ကြသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အော်ဂဲနစ်စနစ်ဖြင့် ထုတ်လုပ်သည့် သီးနှံများသည် စားသုံးမှု ဘေး အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းဖြစ်ရန် အရေးကြီးကြောင်း၊ သက်ဆိုင် သူအားလုံးတို့ က အော်ဂဲနစ်စံချိန်စံညွှန်းပြည့်မီရေး လိုက်နာ ရမည့်စည်းကမ်း လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရန် အရေးကြီးသလို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရန် လိုအပ် ကြောင်း။
ယနေ့ဆွေးနွေးတင်ပြသည့် စတုတ္ထမူကြမ်းအား ထပ်မံညှိနှိုင်းပြီး ထောက်ခံချက်ပေးသည့်အဖွဲ့အားလုံး လိုက်နာ ကိုးကားနိုင်သည့် မိမိတို့နိုင်ငံ၏ ထောက်ခံချက်ပေးရေး ဆိုင်ရာ လမ်းညွှန်ချက်များအဖြစ် သတ်မှတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် ယနေ့အစည်းအဝေးရလဒ်အား ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ၍ ထောက်ခံချက်ပေးရေး စီမံချက်အရ အော်ဂဲနစ်ကြီးကြပ်ရေးအဖွဲ့နှင့် ထောက်ခံချက် ပေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး နိုင်ငံတော်အဆင့် အော်ဂဲနစ် ထုတ်ကုန်များအား ကြီးကြပ်ပိုင်ခွင့် အခွင့်အာဏာရှိအဖွဲ့ များအဖြစ် အသိအမှတ်ပြုနိုင်ရန် မြန်မာနိုင်ငံ စံချိန်စံညွှန်း များကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်ကိုးကား၍ ချမှတ်ခွင့်ရှိသည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီး ဌာန (Department of Research and Innovation-DRI) သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ Certification Body သည် နိုင်ငံ တကာကလက်ခံထားသည့်၊ အာဆီယံ အော်ဂဲနစ် စံချိန်စံညွှန်းနှင့်ကိုက်ညီသော အချက်များနှင့် လည်း ပြည့်စုံ ရမည်ဖြစ်ကြောင်း၊ Private Sector (Third Party) ၏ အော်ဂဲနစ်အရည်အသွေး စစ်ဆေးရေးဆိုင်ရာ အား အစိုးရအဖွဲ့အစည်းက သတ်မှတ်ပြဋ္ဌာန်း စိစစ်ပေးပြီး တောင်သူပညာပေးလုပ်ငန်းများ၊ ပါဝင်ဆောင်ရွက် သူများအား အဆင့်ဆင့်သင်တန်းများပေးကာ ဆောင်ရွက်ခြင်းဖြင့် ပြင်ပအဖွဲ့အစည်းများထံ ဆက်လက် လွှဲပြောင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ဘေးအန္တရာယ် ကင်းရှင်းသည့် သန့်ရှင်း လတ်ဆတ်သည့်သီးနှံများ စားသုံးနိုင်ရေးကိုရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပတင်ပို့ ရောင်းချသည့် လုပ်ငန်းများတွင်လည်း Certificate ပေးနိုင်ရေးအတွက် အားစိုက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စားသုံးသူကို ယုံကြည်မှုရှိအောင် Certificate ထုတ်ပေးခြင်းဖြစ်သည့်အတွက် ကျင့်ဝတ် သိက္ခာနှင့်အညီ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် ဒေါက်တာဝဏ္ဏထွန်းက အော်ဂဲနစ် ထောက်ခံချက်ပေးရေးအဖွဲ့အတွက် အထွေထွေသတ်မှတ် ချက်များ၊ အော်ဂဲနစ်ထောက်ခံချက် လျှောက်ထားသူများ အတွက် အထွေထွေလိုအပ်ချက်များ၊ မြန်မာ အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်ပေးအပ်ရေးနှင့် ဆက်စပ်အဖွဲ့များ ဖွဲ့စည်းခြင်း၊ စစ်ဆေးသူများ လိုက်နာရမည့် အခြေခံကျင့်ဝတ်များ စသည့် အော်ဂဲနစ်ထောက်ခံချက် လက်မှတ်ပေးအပ်ရေးစီမံချက် ဆိုင်ရာများကို တင်ပြရာဆွေးနွေးပွဲ တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)