စစ်တွေ ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ကိုဗစ်-၁၉ ကပ်ရောဂါသည် အားလုံး အပြီးပျောက်ကင်းသွားခြင်း မဟုတ်သည့်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆက်လက်၍ အလေးထားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကာကွယ်ဆေးရရှိရေး ဆောင်ရွက်ထားမှုများရှိပါကြောင်း၊ ကာကွယ်ဆေး ရရှိပါကလည်း ဦးစားပေးအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုအချိန်ကြာ လာသည်နှင့်အမျှ ပြည်သူများအနေဖြင့်လည်း ပေါ့ပေါ့လျော့လျော့ နေထိုင်လာကြသည်ကို တွေ့ရှိရပါ ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လျော့မသွားစေရန် အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်နေရန် လိုကြောင်း၊ ကော်မတီအနေဖြင့်လည်း ဖြေလျှော့ပေးမှုများကို ချင့်ချိန်စဉ်းစားကာ ဆောင်ရွက်ပေးမည်ဖြစ်သကဲ့သို့ အသိပညာပေးမှုများနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပြည်နယ်ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရာတွင် ပါဝင်အားဖြည့် ဆောင်ရွက် နိုင်ရေး အတွက် အလှူငွေရရှိရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြည်နယ်အတွင်း ရောဂါကူးစက်မှု ကျဆင်း လာမှု အခြေအနေ၊ လက်ရှိဆောင်ရွက်ထားသည့် အခြေအနေ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် ပြည်နယ်ဝန်ကြီးများနှင့်ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြ ကြသည်။ ဆွေးနွေး တင်ပြ ချက်များအပေါ် ပြည်နယ် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)