နေပြည်တော် ဇန်နဝါရီ ၁၁
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရား(၃)ဆူ(ဘုရားအမှတ်၊ ၄၇၇၊ ၄၇၈ နှင့် ၄၇၉ တို့ပြုပြင် ထိန်းသိမ်းခြင်း စီမံကိန်းအစီအရင်ခံစာတင်သွင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန်ဟွာ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Korea Cultural Heritage Foundation မှ ညွှန်ကြားရေးမှူး Mr. Kim Dong Min နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ၂၀၁၆ ခုနှစ်၊ ပုဂံဒေသတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ရှေးဟောင်းအဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ ရပါကြောင်း၊ ရှည်လျားသော အမျိုးသားရေး လက္ခဏာ သမိုင်းကြောင်းနှင့် မြင့်မားထင်ရှားသော ယဉ်ကျေးမှု အမွေအနှစ်တို့ တည်ရှိရာ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသ၌တည်ရှိနေသည့် ရှေးမြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်း လဲမှု ဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း။
သဘာဝဘေးအန္တရာယ်ကြောင့် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေ အနှစ်များ ပျက်စီးမှုမှ လျော့ချနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ KCHF မှ နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိခိုက်ပျက်စီးမှု များအနက် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားသုံးဆူနှင့် နံရံဆေးရေးပန်းချီ ထိန်းသိမ်း ရေး လုပ်ငန်းဆိုင်ရာ စီမံကိန်းကို ကိုရီးယားနိုင်ငံ၊ Korea Cultural Heritage Foundation (KCHF) မှ ပညာရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဘုရားသုံးဆူ နံရံပန်းချီ ထိန်းသိမ်းရေးစီမံကိန်း ဒုတိယအဆင့် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက်လည်း သဘောတူ ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု စီမံကိန်းသည် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ပေးနိုင်မည့် စီမံကိန်း တစ်ခုဖြစ်ပါ ကြောင်း၊ ဘုရားသုံးဆူ နံရံပန်းချီ ထိန်းသိမ်းရေးစီမံကိန်းသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုရီးယားနိုင်ငံ၊ Korea Cultural Heritage Foundation (KCHF) မှ ညွှန်ကြား ရေးမှူး က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပထမလုပ်ငန်းစဉ်ဖြစ်သည့် ဘုရားသုံးဆူ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးချုပ် ဦးကျော်ဦးလွင်က နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေးဟောင်းဝတ္ထု ပစ္စည်းပြပွဲများတွင် ပါဝင်ဆောင်ရွက်မှုများ၊ နည်းပညာသင်တန်းပို့ချမှုများ၊ မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ် (၄)မျိုးဖြစ်သည့် Conservation manual , Structural Conservation manual, Mural Painting Conservation manual, GPR (Ground Penetration Radar) manual များကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် ကိုရီးယား သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ထားသည့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ရှိ ပြတိုက်ဓာတ်ခွဲခန်းနှင့် ရှေးဟောင်းပစ္စည်း သိုလှောင်ခန်းများကို ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ ကမ္ပည်းကျောက်စာဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပရာ ကိုရီးယားရိုးရာ သီချင်းပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ပုဂံမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက Arirang ကိုရီးယားရိုးရာသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့က မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ဘုရားသုံးဆူ ကမ္ပည်းကျောက်စာကို ဖွင့်လှစ်ပေးခဲ့ကြပြီး ဘုရားသုံးဆူဘုရား ပြုပြင်ထိန်းသိမ်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကိုရီးယား Korea Cultural Heritage Foundation (KCHF) ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်း ပြသကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Culture Heritage Foundation တို့ ပူးပေါင်း၍ ပုဂံဒေသရှိ (ဘုရားအမှတ်၊ ၄၇၇ ၊ ၄၇၈ ၊ ၄၇၉) ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်း အစီအစဉ်တွင် ဘုရား(၃)ဆူ၏ အဆောက်အဦဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်း၊ နံရံပန်းချီ ပြုပြင် ထိန်းသိမ်းခြင်း၊ အထွေထွေပြုပြင်ထိန်းသိမ်းခြင်းနှင့် ရှေးဟောင်းသုတေသန ထိန်းသိမ်းရေး နည်းစနစ်များကို ဌာနမှ ဝန်ထမ်းငယ်များအား လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များ ပါဝင်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှု ပထမအဆင့်သည်၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး ဒုတိယအဆင့်ကို ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)