Skip to main content

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ဇန်နဝါရီ ၁၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနတွင် ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုး အတွက် စီးပွားရှာ၍ မမှန်မကန် ဆောင်ရွက်နေမှုများကြောင့် အဂတိလိုက်စားမှုပပျောက် ရေးအတွက် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင် ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန် ထိန်းသိမ်းမှု စစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ရာထူးနှင့် လေကြောင်းပျံသန်းမှုလမ်းညွှန် ထိန်းသိမ်း ရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ ရာထူးတာဝန်များကို တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင် ခွင့်အာဏာကိုအသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပ Agent (operator) များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခ အနေဖြင့် permit နံပါတ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀,  ၆၀, ၄၀ စသဖြင့် ပေးရန် ဦးစိုးပိုင် အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်းကြားခဲ့ပြီး ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီ ပေးပို့သည့် အမြန်ဆောင်ရွက်ခ အပါအဝင် အမေရိကန် ဒေါ်လာ ၇၂၀၆၆ ဒေါ်လာ ကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ပေးသွင်းစေခဲ့ခြင်း နှင့် ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့သည် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးပိုင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန် တိုင်းဒေသ ကြီး၊ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။     

(သတင်းစဉ်)