Skip to main content

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော အားကစားအထောက်အကူပြု ပစ္စည်းများအား ခရိုင်နှင့်မြို့နယ်များသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ထောက်ပံ့ပေးအပ်

ပုသိမ်  ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း အခြားကဏ္ဍများနည်းတူ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအဆင့်နည်းတူ ခရိုင်နှင့်မြို့နယ်များပါ အဆင့်မီသော အားကစားအထောက်အကူပြု ပစ္စည်းများနှင့် လေ့ကျင့်စေပြီး အားကစားသမားများ အနေဖြင့် အထောက်အကူပြု ပစ္စည်းများအား ထိတွေ့မှု ကျင့်သားရကာ တိုင်းဒေသကြီး/ပြည်နယ် ပြိုင်ပွဲများကို လာရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ကြောက်ရွံ့စိုးရိမ်မှုမရှိစေပဲ ယုံကြည်မှုရှိစွာနဲ့ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်စေပြီး ဗဟိုအဆင့်သို့ သွားရောက် ယှဉ်ပြိုင်တဲ့အခါမှာလည်း စွမ်းရည်ပိုမိုမြင့်မားစွာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်စေရန်နှင့် အောင်မြင်မှုများ ဆွတ်ခူးနိုင်ရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၂၇၃)သန်းဖြင့် အားကစားအထောက်အကူပြုပစ္စည်းများကို ဝယ်ယူခဲ့ပြီး ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ပွဲရုံ(၁)၌ အားကစားအထောက် အကူပြုပစ္စည်း (၁၇)မျိုးတို့ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် မြို့များသို့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွှန့်နှင့် အရာထမ်း/အမှုထမ်း ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီး အားကစားနှင ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွှန့်က အားကစား အထောက်အကူပြု ပစ္စည်းများအား ခရိုင်နှင့်မြို့နယ်များသို့ ဖြန့်ဝေသွားမည့် အစီအစဉ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြဆွေးနွေးတင်ပြသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးတို့က တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်တာဝန်ခံများထံသို့ အားကစား အထောက်အကူပြု ပစ္စည်များအား ပေးအပ်ခဲ့သည်။

အဆိုပါ အားကစားအထောက်အကူပြု ပစ္စည်းများမှာ ပိုက်ကျော်ခြင်း (ပေါ်တာကုတ်) ၃၃ ခု၊ ကြက်တောင် (ပေါ်တာကုတ်) ၃၃ ခု၊ ပိုက်ကျော်ခြင်း(တိုင်) ၅၃ တိုင်၊ ဘောလီဘော(တိုင်) (၅၃)တိုင်၊ ပိုက်ကျော်ခြင်း (ပိုက်) ၅၃ ခု၊ ကြက်တောင် (ပိုက်) ၃၃ ခု၊ ဘော်လီဘော (ပိုက်) ၅၃ ခု၊ ကန်ဘောလုံး (Molten size 5) ၅၇၀ လုံး၊ ဘော်လီဘော ဘောလုံး ( Molten ) ၅၄၀ လုံး၊ ပိုက်ကျော်ခြင်းလုံး (201) ၅၇၀ လုံး၊ ကြက်တောင်ရိုက်တံ (Yonex) ၆၆ ခု၊ ကြက်တောင်ဘူး (RSL) ၆၆ ခု၊ လက်ဝှေ့အိတ် (လေ့ကျင့်အိတ်) ( SPL-PVC-1207) ၁၀ ခု၊ လက့်ဝှေ့အိတ် (ပြိုင်ပွဲအိတ်) ( SPL-PVC-1207) ၁၀ ခု၊ လက်ဝှေ့ပက်(အတို-033) ၁၀ ခု၊ လက်ဝှေ့ခေါင်းကာ ၆ ခုနှင့် ပြိုင်စက်ဘီး ၄ စီးတို့ဖြစ်ပြီး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်နှင့် မြို့များသို့ ဖြန့်ဝေ ထောက်ပံ့ပေးအပ သွားမှာဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)