Skip to main content

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းနှင့် စမတ်ကျွန်း ရေပေါ်တံတားတို့အား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် တက်ရောက်ဖွင့်လှစ်

မြိတ်  ဇန်နဝါရီ   ၁၁

မြန်မာနိုင်ငံ၏ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism- CBT ) နှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် စမတ်ကျွန်း ရေပေါ် တံတား ( Floating Jetty )တို့ကို ကျွန်းအပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့် သည်များ ပိုမိုအဆင်ပြေစေရေးအတွက် ဇန်နဝါရီလ(၁၀)ရက်က  ဖွင့်လှစ်လိုက် ပြီဖြစ်ပသည်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(CBT)ဖော်ဆောင်ခဲ့သည့်  ဒုံးညောင်မှိုင်း‌ကျေးရွာသည် မြိတ်မြို့မှ ရေမိုင် (၄၈) မိုင်ခန့်ကွာဝေးကာ ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်မှာ တည်ရှိပြီး Speed Boat ဖြင့် (၂)နာရီခန့် သွားရသည့် ကျွန်းရွာတစ်ရွာဖြစ်သည်။ အဆိုပါကျေးရွာ အနီးတွင် ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်မှုများပြီး မြိတ်ခရိုင်၏ အဓိက ကျွန်းအပန်းဖြေခရီးစဉ်ဖြစ်သည့် ကျောက်စရစ်ကမ်းခြေနှင့် သဲတန်းကမ်းခြေတည်ရှိသည့် စမတ်ကျွန်း  တွင် ရေပေါ်တံတား( Floating Jetty ) ဆောင်ရွက်ထားရာ ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစွာ သွားလာနိုင်တော့မည်ဖြစ်သည်။

စမတ်ကျွန်း ရေပေါ်တံတား ဖွင့်ပွဲအခမ်းအနားကို အဆိုပါတံတားအနီး ကမ်းခြေနှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဒုံးညောင်မှိုင်းကျေးရွာတို့တွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စမတ်ကျွန်း ရေပေါ်တံတားကို ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗ္မည်းကျောက်စာတိုင်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထိုနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စမတ်ကျွန်း သဲတန်းကမ်းခြေမှ ကျောက်စရစ်ကမ်းခြေသို့ သွားရောက်ကြည့်ရှု ခဲ့ကြပြီး ကျွန်းပေါ်တွင် ခရီးသွား ဧည့်သည်များအတွက် အခြေခံ အဆောက်အဦများ တည်ဆောက်ထား ရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြကာ Speed Boat များဖြင့် ဒုံးညောင်မှိုင်း‌ကျေးရွာသို့ သွားရောက်၍ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း( CBT )ကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ကြသည်။

ဆက်လက်၍ ကျေးရွာ (CBT) ခန်းမတွင် ဝန်ကြီးချုပ် က “ တနင်္သာရီတိုင်းဒေသကြီးမှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် သဘာဝအခြေခံအချက်အလက်များနဲ့ ပြည့်စုံတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အခြားဒေသနဲ့ မတူ တဲ့ သဘာဝတရားကတော့ ရေပေါ်ရေအောက်အလှအပတွေ တောတောင်သဘာဝ အလှများနဲ့ ပြည့်စုံတဲ့ ဒေသ တစ်ခုလည်းဖြစ်ပါတယ်။ ဒုံးညောင်မှိုင်း‌ကျေးရွာ လူထုအခြေပြုစီမံကိန်းဟာ နိုင်ငံတော် အစိုးရရဲ့ ဆင်းရဲမှုလျော့ ချရေး စီမံကိန်းအတွက် အထောက်အကူပြုမယ့် စီမံကိန်း တစ်ခုလည်းဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး တစ်တိုင်းလုံးမှာ အအောင်မြင်ဆုံး လူထုအခြေပြုခရီးသွား လုပ်ငန်းဖြစ်လာ လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးကို မြန်မာနိုင်ငံရဲ့ အဓိက ခရီးစဉ် ဒေသကြီးများဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ တို့ကဲ့သို့ အဓိကခရီးစဉ်ကြီးတစ်ခု ဖြစ်ဖို့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တာ တော်တော်လေး ခရီးရောက်ခဲ့ပြီ လည်းဖြစ်ပါတယ် ” ဟု အမှာစကားပြော ကြားသည်။

ထိုနောက် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေး က  ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း( CBT )နဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာ( CBT ) ဘဏ္ဍာရေးမှူး     ဦးဖိုးဇော် က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထိုနောက် ( CBT )အတွက် အလှူငွေများ လှူဒါန်းပေးသည့် အလှူရှင်အား ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပြီး ကျေးရွာ ( CBT ) ဥက္ကဋ္ဌ ဦးကြည်စိုး    က ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့အား ( CBT )ဖွင့်ပွဲအမှတ်တရလက်ဆောင်ကို ပေးအပ်ခဲ့သည်။

ဒုံးညောင်းမှိုင်းကျေးရွာ( CBT )တွင် ခရီးသွားဧည့်သည်များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာ လူမျိုး တွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနှင့် လူမှုဘဝ နေထိုင် မှုပုံစံများကို လေ့လာနိုင်မည်ဖြစ် ကြောင်း၊ ၄င်းအပြင် ကျွန်းပေါ်၌ စက်ဘီးစီးခြင်း၊ ကရွတ်လှေများလှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ အပျော်တမ်း ငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းလေ့လာခြင်း ဆောင်ရွက်နိုင် မည်ဖြစ်ပြီး   ဒုံးညောင်မှိုင်းကို အခြေပြု၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အကြားမှာ ရေပန်းစားနေတဲ့ စမတ်ကျွန်းနဲ့ တခြားကျွန်း တွေကို ဒေသခံများ၏မော်တော် ဘုတ်များဖြင့်သော်လည်းကောင်း၊ Speed Boat များ ဖြင့်သော်လည်းကောင်း သွားရောက် လည်ပတ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ပထမဦးဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism- CBT )နှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများသည့် စမတ်ကျွန်း ရေပေါ်တံတား ( Floating Jetty )တို့ကို ဖွင့်လှစ်ခဲ့ပြီဖြစ်သည့်အတွက် ခရီးသွားဧည့်သည်များအနေဖြင့် ဒုံးညောင်မှိုင်း (CBT)တွင် ညအိပ်အပန်းဖြေရင်း အနီးအနားရှိ ကျွန်းများကို သွားရောက်လည်ပတ် နိုင်မည်ဖြစ်ကာ ဒေသခံပြည်သူများမှ လည်း အလုပ်အကိုင်အခွင့်အလမ်းများ  ပိုမိုရရှိလာတော့ မည်ဖြစ်သည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )