Skip to main content

ရန်ကုန် - ဒလ ကားကူးဇက် ခေါက်ရေတိုးချဲ့ပြေးဆွဲ ကုန်စည်စီးဆင်းမှု အတွက် အထောက်အပံ့များစွာဖြစ်

ရန်ကုန်  ဇန်နဝါရီ ၇


ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းနှင့် တစ်ဖက်ကမ်း ဒလ မြို့နယ်သို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(မြစ်ဝ ကျွန်းပေါ်ဌာနခွဲ)မှ ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရန် ဇန်နဝါရီ ၅ ရက်မှစ၍ ယခင်ပြေးဆွဲမှုထက် ခေါက်ရေနှင့် အချိန်တိုးမြှင့်ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။


ကိုဗစ်-၁၉ ကာလတွင် အများဆုံးခေါက်ရေအဖြစ် ၁၃ ခေါက်သာပြေးဆွဲခဲ့ပြီး နှစ်ဆန်းပိုင်းမှစ၍ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့ ကြည့်မြင်တိုင် ငါးဈေး၊ ရွှေပိတောက်ငါးဈေးသို့ ပို့ဆောင်သောယာဉ်များနှင့် ကုန်စိမ်းဈေးသို့ ဝင်ရောက်သောယာဉ်များ ကုန်စည်ပို့ဆောင်မှု သွက်လက်လာသောကြောင့် နံနက် ၆ နာရီခွဲမှ ညနေ ၇ နာရီ ၁၅ မိနစ်အထိ ခေါက်ရေနှင့်အချိန်ကို တိုးချဲ့ ပြေးဆွဲခြင်းဖြစ်သည်။

 “ဇန်နဝါရီ ၅ ရက်ကစပြီး အချိန်နဲ့ ခေါက်ရေတိုးချဲ့ ပြေးဆွဲပေးရတာက ယာဉ်အသွားအလာ များလာတဲ့ အတွက် လိုအပ်ချက်နဲ့အညီ ဖြည့်ဆည်းပြေးဆွဲပေးတာပါ။ တစ်ဖက်ကမ်းက ကုန်စည်နဲ့ခရီးသွားယာဉ်တွေ၊ အိမ်စီးယာဉ်တွေအ‌နေနဲ့ ရန်ကုန်မြို့ ကိုလာတဲ့အခါစောင့်ဆိုင်းကြန့်ကြာမှု မရှိအောင်၊ ရန်ကုန်မြို့က ယာဉ်တွေလည်း တစ်ဖက်ကမ်းကိုသွားတဲ့အခါ စောင့်ဆိုင်းကြန့် ကြာမှုမရှိ အောင် တစ်ရက်ခေါက်ရေ ၁၆ ခေါက် ပြေးဆွဲတာကြောင့် အဆင်ပြေသွားပါ တယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေနဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ဌာနဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာမှု ချောမွေ့ဖို့ ဌာနက အဓိကဦးတည်ချက်ထား ဆောင်ရွက်နေပါတယ်”ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။

ဇက်ရေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲပေးလျက်ရှိရာ ကော့မှူး၊ တွံတေး ၊ ဒလနှင့် ဧရာဝတီတိုင်းဒေသကြီးမှကုန်စည်များ ရန်ကုန်မြို့သို့ မြန်ဆန်စွာစီးဆင်းရာ၌ ဒလ-ရန်ကုန် ကားကူးဇက်မှာ မြစ်ကူးရေယာဉ်အဖြစ် အရေးပါသောကြောင့် ယခင်က ခေါက်ရေ ၁၁ ခေါက်မှ ၁၃ ခေါက်အထိ ပြေးဆွဲရာမှ ယခု ၁၆ ခေါက် အထိ တိုးချဲ့ပြေးဆွဲမှုဖြင့် တိုင်းဒေသကြီးနှစ်ခု၏ ကုန်စည်စီးဆင်းမှုကို အဓိက အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း သိရသည်။

သန်းထိုက် ၊ ဓာတ်ပုံ - သန်းစိုး