Skip to main content

ခေတ္တပြည်နယ် ၀န်ကြီးချုပ် ဦးဘော့စ်ကို ဒီးမော့ဆိုမြို့နယ် လိုပူဒေါဆီးအီကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်အား ပညာရေး၀န်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ တက်ရောက်

ဒီးမော့ဆို ဇန်နဝါရီ ၇

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကယားပြည်နယ်အစိုးရ အဖွဲ့ တို့၏ ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာ အဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောက်လုပ်သော ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လိုပူကျေးရွာအုပ်စု လိုပူဒေါဆီးအီကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း (ခွဲ) ကျောင်းဆောင်သစ်အား ပညာရေး၀န်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို  ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တ၀န်ကြီးချုပ် ဦးဘော့စ်ကိုက နယ်စပ်ဒေသမှာ နေထိုင် လျက်ရှိတဲ့ တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သော နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားရေး ဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရေးကို အဓိက ဆောင်ရွက်လျက် ရှိကြောင်း၊ ဒီလိုဆောင်ရွက်ရာတွင်  ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေများနှင့် ဆောင်ရွက် ပေးလျက်ရှိသလို တစ်ဖက်တွင်လည်း နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများရဲ့ အကူအညီ အထောက်အပံ့များနှင့်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကယားပြည်နယ်အတွင်း စာသင် ကျောင်းများ ဆောက်လုပ်လှူဒါန်းရာတွင် နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ၊ (၅) နှစ်စီမံကိန်း ဖြင့် စာသင်ကျောင်းဆောင်(၂၀) ဆောင် ဆောက်လုပ်လှူဒါန်းပေးနိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာသင်ကြားခြင်း (EPD) စီမံကိန်းအမည်ဖြင့် ၂၀၁၈ ခုနှစ် မေလ (၂၅) ရက်နေ့တွင် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး အခု အလက (ခွဲ) လိုပူဒေါဆီးအီ ကျောင်းဆောင်သစ်ဖွင့် လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့) မှ တာ၀န်ရှိသူ တစ်ဦးက စာသင်ကျောင်း  ဆောက်လုပ်ရခြင်းအကြောင်းကို ရှင်းလင်း တင်ပြပြီး အဆိုပါ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ် က Divine Mercy Convent Lopu သီလရှင် ကျောင်းအတွက် ရန်ပုံငွေကျပ် ၇၀ သိန်းကို  ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့) မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၉၃ သိန်းအား ကျေးရွာ ပြည်သူလူထုထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း၊ ဒေသခံပြည်သူများမှ တင်ပြလိုသည်များကို တင်ပြ ဆွေးနွေးခြင်း၊ တင်ပြချက်အပေါ် သက်ဆိုင်ရာ ဌာနဆိုင်များမှ ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ်အား ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲ အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးကြကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ အနံ ၃၀ ပေ ရှိ RC တစ်ထပ်ဖြစ်ပြီး နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့နှင့် ဒေသခံ ပြည်သူတို့မှ စုစုပေါင်းငွေကျပ် ၇၂၅၅၅၄၂၃ ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)