Skip to main content

နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း

ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်း

(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နာယက)

မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယမှာ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ကြောင်း ဦးစွာမေတ္တာပို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ တစ်ကမ္ဘာလုံးရင်ဆိုင် ကြုံတွေ့ရတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချုပ်ငြိမ်းပပျောက်စေရန် အဆင့်မီကာကွယ်ဆေးဝါးများ စီမံထုတ်လုပ်နေကြပြီး မြန်မာပြည်သူပြည်သားများ အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ် ဆေးထိုးနိုင်ဖို့ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကာကွယ်ဆေး မရသေးမီအချိန်မှာ ကိုဗစ်-၁၉ နှင့်စပ်လျဉ်းပြီး နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းများ၊ ညွှန်ကြားချက်များကို ပြည်သူအားလုံးက တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ကိုဗစ်-၁၉ ကာလအလွန် အနာဂတ်နိုင်ငံတော် တည်ဆောက်ရာမှာ အရေးပါတဲ့ ပညာရေးကဏ္ဍအတွက်လည်း မြန်မာ့ပညာရေး အရည်အသွေး မြင့်မားစေရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲပြီး ပြည်သူ တစ်ရပ်လုံးက ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံးရဲ့ စားဝတ်နေရေး ဖူလုံစေရန်နှင့် စီးပွားရေးလုပ်ငန်းနယ်ပယ်အရပ်ရပ်မှာ အလုပ်အကိုင်အခွင့်လမ်း ကောင်းများ ပေါ်ပေါက်၍ အဘက်ဘက်မှ အဆင်ပြေတိုးတက်လာစေရန်အတွက် စီးပွားရေးကဏ္ဍအား အထူးဦးစားပေး ဆောင်ရွက်လျက်ရှိတာကို ဝမ်းမြောက် ဖွယ်တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ ခေတ်စနစ်နှင့်အညီ မျက်မှောက် ကာလရဲ့ လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်း ရယူနိုင်အောင် စီးပွားရေးနယ်ပယ်အသီးသီးက ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ပြည်သူတစ်ရပ်လုံးအတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကောင်းမွန် ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ကဏ္ဍတွေ ပိုမိုတိုးတက် ကောင်းမွန်လာဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်နိုင်အောင် ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

နှစ်သစ်အခါသမယမှစ၍ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို အောင်မြင်စွာ ကျော်လွှားပြီး ထာဝရငြိမ်းချမ်းတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း လေးနက်စွာဖြင့် ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

1121KMN3(2).jpg

ဦးဇော်မင်းဝင်း(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ)

၂၀၂၁ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသူ နိုင်ငံသားများနဲ့ မြန်မာနိုင်ငံအပေါ် စိတ်စေတနာကောင်းဖြင့် အဘက်ဘက်မှ ကူညီပေးကြတဲ့ နိုင်ငံတကာမိတ်ဆွေများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာရှိကြပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပြီး နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း၊ တိုးတက် ဖွံ့ဖြိုးစေဖို့နဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေဖို့ အတွက် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ဦးဆောင်နေတဲ့ ကုန်သည်/စက်မှုအသင်းချုပ်ဟာ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း များနဲ့အတူ လက်တွဲပြီး စဉ်ဆက်မပြတ် စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ထိုနည်းတူစွာ နိုင်ငံတော်အစိုးရကလည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုကိုအခြေခံ ပြီး နိုင်ငံတော်အတွက် ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ဖို့ မိမိတို့ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးအသင်းအဖွဲ့များနဲ့ ပိုမိုနီးကပ်စွာ လက်တွဲ ကြိုးပမ်းမှုပြုနေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါတယ်။

ဒီလိုဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များမှာ ကုန်သည်/စက်မှုအသင်းချုပ် အမှုဆောင်များအပါအဝင်၊ ညီနောင်အသင်းများ၊ အသင်းသူ အသင်းသားများနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအားလုံးက လာမယ့်နှစ်သစ်ကာလမှာ ပိုမို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားကြဖို့နဲ့ နှစ်သစ်မင်္ဂလာမှာ နိုင်ငံတော်၏ အကျိုး၊ ပြည်သူ၏အကျိုးနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များရဲ့ အကျိုးစီးပွား များပါ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုရလဒ်ကောင်းများ ရရှိခံစားနိုင်ပါစေကြောင်းနဲ့ ရောဂါကပ်ဘေးများကင်းဝေးပြီး ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်း မေတ္တာပို့သအပ်ပါတယ်။

 1121KMN3(3).jpg

ဦးချစ်ခိုင်(ဧဒင်အုပ်စုကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ)

နှစ်ဟောင်းမှာ ကပ်ရောဂါဘေးနဲ့ ကျွန်တော်တို့အားလုံး ရင်ဆိုင်ခဲ့ရတဲ့ အတွက် စိတ်ဆင်းရဲ ပူပန်ရခြင်း၊ ဝမ်းနည်းခြင်း ဖြစ်ကြရပြီး အရာရာကို ပူပင် သောကများနဲ့ ဖြတ်သန်းခဲ့ကြရတဲ့ နှစ်ဟောင်းကို ထားရစ်ခဲ့ပြီး နှစ်သစ်မှာ ခွန်အားသစ်များနဲ့ ပြန်လည်အေးချမ်းသာယာဝပြော ဖွံ့ဖြိုးတိုးတက်မှုတွေ စွမ်းဆောင်ရရှိနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ တိုင်းပြည် အတွက်လည်း ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲအသစ်တွေနဲ့ ငြိမ်းချမ်းသာယာ တဲ့ ပြည်ထောင်စုကြီးကို ကျွန်တော်တို့အားလုံး အတူတကွ တည်ဆောက်နိုင်ကြ ပါစေ၊ စီးပွားရေးအရ ပြန်လည်ရှင်သန်နိုင်ရေး ဆောင်ရွက်ကြရာမှာ နိုင်ငံတော်ရဲ့ ထွက်ပေါ်လာမယ့် စီမံကိန်းများကို ကြီး၊လတ်၊ ငယ်မရွေး ဝင်ရောက်ဆောင်ရွက် နိုင်ကြပါစေ၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ နယ်ပယ်တိုးတက်ဖွံ့ဖြိုးလာစေရေး နဲ့ ကမ္ဘာကြီးအတွက် ရိက္ခာ လိုအပ်ချက် အခွင့်အလမ်းကို အမိအရယူနိုင်ဖို့ စိုက်ပျိုးရေးကဏ္ဍကို အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်ကြပြီး တောင်သူလယ်သမား များနဲ့အတူ အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်စေဖို့ ဆုမွန်ပြုအပ်ပါတယ်။

 1121KMN3(4).jpg

ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ(ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ)

မကြာမီရောက်ရှိလာတော့မယ့် နှစ်သစ်အခါသမယမှာ ကမ္ဘာသူ ကမ္ဘာသား အားလုံး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါကနေ အမြန်ဆုံး ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်ကို နှစ်သစ်ကူးပြောင်းတဲ့ ယခုအချိန်က ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအတွက် အလွန်အရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ကမ္ဘာပေါ်မှာ သေဆုံးတဲ့လူတွေ၊ စီးပွားပျက်ကပ်တွေကြောင့် လုပ်ငန်းတွေမလည် ပတ်နိုင်တော့ဘဲ ရပ်တန့်ခဲ့ရတဲ့ သူတွေ အများကြီးတွေ့မြင်နေရသလို လူတော်တော်များများလည်း ရုန်းကန် နေကြရတာ အားလုံးအသိ ဖြစ်ပါတယ်။ ကိုဗစ်ကာလကြီးမှာ လူတန်းစားအလွှာစုံ တွေအနေနဲ့ ရောဂါကူးစက်မှုမရှိအောင်၊ စားဝတ်နေရေးလည်း အဆင်ပြေအောင် အဓိကထားပြီး ဦးစားပေးအဆင့်အနေနဲ့ ကြိုးစားဖြေရှင်း နေကြပါတယ်။ ကပ်ဆိုးကြီး ကျော်လွန်သွားပြီဆိုရင် စီးပွားရေးတွေ ပြန်လည်ကောင်းမွန်လာဖို့နဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး ပြေလည်ဖို့လိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေထက် ကံကောင်းတဲ့အချက်ကတော့ စိုက်ပျိုးမွေးမြူဖို့အတွက် မြေဧကကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင် စားသောက် ကုန်တွေကိုလည်း အများကြီးစိုက်ပျိုးမွေးမြူနိုင်တဲ့ မြေအနေအထား၊ ရာသီဥတု တွေရှိပြီး လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်ဝ ပါတယ်။ ဒီအားသာချက်တွေကိုသာ စနစ်တကျစီမံခန့်ခွဲပြီး အသုံးချလိုက်မယ်ဆိုရင် ကိုဗစ်အလွန်မှာ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေထက် အမြန်ဆုံး ပိုမိုအခွင့်အလမ်းသာစေမှာ ဖြစ်ပါတယ်။

မြန်မာပြည်က သဘာဝအရင်းအမြစ်များစွာရှိတဲ့အတွက် အခြားနိုင်ငံတွေနဲ့ စာရင် ပြန်လည်ထူထောင်ဖို့ လွယ်ကူပါတယ်။ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အနေနဲ့ ကောင်းမွန်တဲ့အပြောင်းအလဲနဲ့ စီမံခန့်ခွဲမှုတွေကိုသာ စနစ်တကျဖန်တီး ပေးလိုက်တာနဲ့ ကျဆင်းနေတဲ့အခြေအနေတွေ ပြန်ကောင်းသွားမယ့် အနေ အထားတွေရှိပါတယ်။

မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယမှာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သတင်းကောင်းတွေ ကြားရလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။

1121KMN3(5).jpg

ဦးမျိုးထွေး(PRO 1 Global Co., Ltd. မန်နေဂျင်းဒါရိုက်တာ)

မြန်မာပြည်သူ ပြည်သားများအားလုံး ၂၀၂၁ ခုနှစ် နှစ်သစ်မှာ ရောဂါဘယ ကင်းဝေးပြီး အလုပ်အကိုင်များ အဆင်ပြေကာ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးများ အမြန်ဆုံးရရှိပြီး ကပ်ရောဂါဆိုးကြီးလည်း မြန်မာနိုင်ငံကနေ အမြန်ဆုံး ရှင်းလင်း ပျောက်ကွယ်သွားပါစေကြောင်းနဲ့ နှစ်သစ်မှစပြီး ချမ်းသာသုခနဲ့ ပြည့်စုံပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 1121KMN3(6).jpg

ဒေါက်တာစန်းစန်းရီ(ဥက္ကာသီရိကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ)

မင်္ဂလာနှစ်သစ်ပါရှင်။ ၂၀၂၁ ခုနှစ် မင်္ဂလာနှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားအားလုံး ကောင်းသောအတိတ်၊ ကောင်းသောနိမိတ်၊ ကောင်းသော စကားတို့ကိုသာ မြင်ရကြားရ ပြောကြားရပါစေ။ ကပ်ကြီးသုံးပါး ရန်သူမျိုးငါးပါး ဘေးမှလည်း ကင်းဝေးကြပါစေ။ အစစအရာရာ အဆင်ပြေကြပါစေ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ကိုဗစ်-၁၉ ရောဂါကို စည်းကမ်းချက်တွေလိုက်နာပြီး သတိထားပြီး ရှောင်ရှားနိုင် ကြပါစေ။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးလည်း အမြန်ဆုံးကင်းစင်သွားပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ စီးပွားရေးတွေလည်း ၂၀၂၁ ခုနှစ်မှာ အားလုံးအဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကြိုးကြိုး စားစားနဲ့ တက်ညီလက်ညီ ဆောင်ရွက်ကြမယ်ဆိုရင် အစစအရာရာ အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်။

တွေ့ဆုံမေးမြန်း - မင်းသစ်(MNA)

ဓာတ်ပုံ - နေလင်း