နေပြည်တော် ဒီဇင်ဘာ ၃၁
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan -NESP) (2021-2030)ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့်သက်မွေးပညာ ကဏ္ဍများမှ ဆရာဆရာမများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ် ကို ယနေ့ နံနက် ၉ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အခြေခံပညာ၊ နည်းပညာနှင့်သက်မွေးပညာ၊ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီး ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြု ခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရင်းနှီးစွာအသေးစိတ် ပြန်လည်ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားနှင့်ကျေးဇူးတင်စကားပြော ကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်သည်။
(သတင်းစဉ်)